နာဂဒေသသို့ တနိုင်တပိုင် စက်သုံးဆီတင်သွင်းလာသူများထံမှ စစ်ကောင်စီ အခွန်ကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။ 

နာဂဒေသအတွင်း တပိုင်တနိုင် စက်သုံးဆီတင်သွင်းကြသည့် ဒေသခံများအား စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အချို့က အခွန်ကောက်နေပြီး မပေးပါက မြို့တွင်းသို့ ဝင်ခွင့်မပြုဟု ဒေသခံများက ပြောသည်။ 

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ မြို့အဝင်အထွက် နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအချို့က ဂိတ်ထိုင်ပြီး တစ်ပိုင်တနိုင် ဆိုင်ကယ်များဖြင့် စက်သုံးဆီများ သယ်ယူနေကြ သူများ တားဆီးစစ်ဆေးပြီး အခွန်ကောက်နေခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက တော်တော်လေးကို ခက်ခဲတယ်။ ကုန်ပစ္စည်းထမ်းပြီး ပြန်လာရင် ချက်ချင်း အိမ်ကို မပြန်ရ ဘူး။ ဂိတ်မှာပဲ သူတို့ တောင်းတဲ့ ပစ္စည်းမပေးရင် အကြာကြီး ရစ်နေတာ။ တော်တော် တိုင်ပတ်တယ်။ ပစ္စည်း ဒါမဟုတ် ပိုက်ဆံ မပေးရင် မြို့ထဲ ဝင်လို့ မရဘူးဆိုပြီး ဂိတ်တောင် မဖြတ်ခိုင်းဘူး။ စစ်ဆေးတာတော့ အဲ့လောက်ကြီး မစစ်ဆေးပါဘူး၊ ထမ်းလာတဲ့ ပစ္စည်းကြည့်ရင်တော့ ဘာပါတယ် မပါဘူးဆိုတာ အသိသာကြီး လေ ဟု ပြောသည်။

၎င်းတို့တောင်းသည့် ငွေကြေး မပေးပါက မြို့ထဲသို့ ပေးမဝင်ဘူးဟု ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦးက ပြော သည်။

ကျနော်သွားတာ ၇ ခေါက်လောက်ရှိပြီး ဓာတ်ဆီ ၁၀ လီတာလောက်တော့ ပေးလိုက်ရတယ်။ သူတို့က အတိ အကျတော့ မရှိဘူး။ ကိုယ်က အောက်ကျို့ခံပြီး ပြောရင်တော့ ၂ ဘူးပေးရမယ့်ဟာ ဆိုရင် တစ်ဘူးနဲ့ ဆင်ပြေ သွားရော။ တချို့ဆိုရင် သူတို့ အသိမိတ်ဆွေတွေဆိုရင် ဒီတိုင်းပဲလွှတ် ပေးလိုက်တယ်၊ ဘာမှမပြောဘူး။ သူတို့က တော့ အခွင့်ထူးခံ လူတန်းစားတွေပေါ့၊ ကိုယ်တွေက သာမန်ပြည်သူတွေဆိုတော့ သူတို့တောင်းရင် ပေးရတာ ပေါ့။

ဒေသခံပြည်သူများ အနေဖြင့် ဆိုင်ကယ်နှင့် သယ်ယူလာသည့် စက်သုံးဆီ ပုံးဝါ (စားသုံးဆီ ပုံးအဝါ) တစ်ပုံးလျှင် ဓာတ်ဆီ တစ်လီတာ ပေးနေရပြီး သယ်ယူလာသည့် ကုန်းပစ္စည်းများကိုလည်း စစ်ဆေးနေကြောင်း ဒေသခံ တစ်ဦးက ဆက် ပြောသည်။

သူတို့က ရရင် အကုန်ယူတယ်။ ကယ်ရီသွားလာတဲ့ ကယ်ရီသမားတွေဆီက၊ ကုလားဘက်က ပစ္စည်း မှန်သမျှ ပါ၊ ပစ္စည်း မပေးချင်လို့ ပိုက်ဆံဆိုရင်လည်း ယူတယ်။ တကယ်လို့ ဓာတ်ဆီတို့ ဒီဇယ်တို့ တင်လာရင်တော့ တစ် ပုံးဆိုရင် ဓာတ်ဆီ တစ်ဗူးပေါ့၊ ဒီဇယ်ဆိုလည်း တစ်ဗူးပေါ့၊ အဲလိုပေးရတာပေါ့။ ပြီးတော့ ဓာတ်ဆီတို့ ဘာတို့ ဆိုတာကလည်း အိန္ဒိယဘက်ကနေ လာတာ ဆိုတော့ တရားမဝင်ဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ ကောက်တာပေါ့။” 

စစ်တပ်က အာဏာသိမ်းပြီးနောက် လဟယ်မြို့နယ်အတွက် ကုန်ပစ္စည်းသယ်ယူသည့် ဟုမ္မလင်းမြို့ – မုံရွာ လမ်းကြောင်းများ အားလုံးကို ပိတ်ထားသည်။

လမ်းပိတ်ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီတပ်နှင့် PDF တို့၏ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပိတ်ထားရ ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ယူ အသုံးပြုနေရသည်ဟု လဟယ်ဒေသခံများက ပြောသည်။

လဟယ် ဒေသခံတစ်ဦးက ကုန်ပစ္စည်း အများစုကတော့ ခန္တီး – ဟုမ္မလင်းကတော့ မလာတော့ဘူး။ အရင်က ခန္တီး – ဟုမ္မလင်း ဘက်ကလာတာ။ အခုနောက်ပိုင်း ကုလားဘက်ကပဲ သွားသယ်ကြတာပေါ့။ ဒီအာလူးက အစ စားသောက်ကုန် ပစ္စည်း အကုန်လုံး၊ စားဆီက အစ စက်သုံးဆီက အကုန်လုံး၊ ကုလားကပဲ သွားသယ်ကြာတာ။ ဒီဘက်ကပဲ ဝင်တော့တာ။ အောက်ဘက်က မတက်လာကြတော့ဘူးဟု ပြောသည်။

လဟယ်မြို့နယ်တွင် ဓာတ်ဆီတစ်လီတာကို ကျပ် ၁၀,၀၀၀ ရှိနေပြီး ပြည်သူများထံမှ အခွန်ကောက် တောင်းယူ ထားသည့် ဆီများအား ရဲတပ်ဖွဲ့က ပြန်ပြီးရောင်းစားနေခြင်း ဖြစ်ကြောင်း လဟယ်ဒေသခံများက ပြောသည်။

လဟယ်မြို့နှင့် အိန္ဒိယနယ်စပ် အထိသွားရသည့် ခရီးသည် မိုင်အားဖြင့် ၁၀၀ ခန့်ဝေးပြီး ဆိုင်ကယ်ဖြင့်သွားပါက တစ်ည အိပ်ခရီးသွားကြရသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် ဒေသဖြစ်ပြီး အခြေခံ လိုအပ်သည် ကုန် ပစ္စည်းများအား  ဒေသတွင်းရှိ အာဏာပိုင်များနှင့် ပြည်သူများကြား နားလည်မှုဖြင့် သယ်ယူရောင်းဝယ်နေကြ ခြင်း ဖြစ်သည်။