ကရင်နီအတွင်း မြေပြိုမှု အန္တရာယ်ကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ကရင်နီပြည် ဖရူဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ခုတွင် မြေထပ်ပြိုမည့် အန္တရာယ်ကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရသည်ဟု ကူညီပေးနေသူများက ပြောသည်။
ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်း၊ ဒေါလာစောကျေးရွာအုပ်စု အတွင်းရှိ ကိုကွေကျေးရွာတွင် စက်တင်ဘာ လ ၁၀ ရက်နေ့က စပြီး စက်တင်ဘာ ၂၄ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကျေးရွာရှိ ခန်းမဆောင်တစ်ခြမ်း၊ စပါးကျီတစ်လုံး၊ လူနေအိမ် ၃လုံး ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ မြေပြိုမှု နောက်ဆက်တွဲ အနေဖြင့် အခြားနေရာများတွင် မြေကြီးကွဲအက်ကွဲကြောင်းများ ပိုများလာ သည့်အတွက် စစ်ဘေးရှောင်နှင့် ဒေသခံနေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရသည်ဟု သွားရောက် ကူညီ ပေးခဲ့သည့် အလှုရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ကူညီ ပေးခဲ့သည့် အလှုရှင်အမျိုးသမီးတစ်ဦးက “သူတို့ တစ်ရွာလုံးရွှေ့မှ ရမယ်။ အက်ကွဲကြောင်းက အလယ် တည့်တည့်ပဲ။ အလယ်တည့်တည့်ကိုမှ မိုးထပ်ရွာရင်တော့ အက်ရာနဲ့ ထပ်ပြိုရင်တော့ အိမ်အကုန်လုံး တောင်ခြေအောက် ကျသွားမှာ” ဟု ပြောသည်။
မြေကြီး အက်ကွဲကြောင်းများမှာ ရွာအလယ်တည့်တည့်တွင် ဖြစ်လာနေသောကြောင့် ရွာသားများနှင့် စစ်ရှောင်များက စိုးရိမ်နေကြသည်။
တစ်ပိုင်းတစ်စ ပြိုကျခဲ့ပြီးသော ခန်းမဆောင်သည် လူနေအိမ်များ၏အပေါ် တောင်စောင်းတွင် တည်ဆောက်ထား သောကြောင့် နောက်ထပ် ပြိုကျလာမည့် မြေများသည် လူနေအိမ်အားလုံး အပေါ် ကျရောက်နိုင်သည့်အပြင် ရွာ၏ အောက်ပိုင်း၌ ရေတိုက်စားခြင်းကြောင့် ဂလိုင်များ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ အရေးပေါ် ရွှေ့ပြောင်းရခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုကွေကျေးရွာတွင် ဒေသခံနေအိမ် ၁၇လုံး၊ လူဦးရေ ၁၀၈ ဦးနှင့် စစ်ဘေးရှောင်နေအိမ် ၁၉ လုံး၊ လူဦးရေ ၉၂ ဦး စုစုပေါင်း လူဦးရေ အယောက် ၂၀၀ နေထိုင်သည်။
နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရသည့် ကိုကွေကျေးရွာမှ ဒေသခံများနှင့် စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာများ လာရောက်ကူညီပံ့ပိုးမှုများ ရှိသော်လည်း နေအိမ်များ ဖြုတ်၍ သယ်ယူရန် သံချောင်းသံတူရွင်း များ၊ တူများ၊ သွပ်ကြိုးများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ရွှေ့ပြောင်းမည့်နေရာတွင် သန့်ရှင်းရေးများ ပြုလုပ်ရန် ပေါက်ပြားများလည်း အရေးပေါ် လိုအပ်နေလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ဘေးကင်းနိုင်သည့် နေရာသို့ နေအိမ်အချို့ဖြုတ်ပြီး ရွှေ့ပြောင်းနေကြပြီ ဖြစ်ပြီး ကျေးရွာအသစ် ပြန်လည်တည်ဆောက်ရန်ပင် ဆွေးနွေးမှုများ လုပ်ဆောင်နေကြပြီဟု ရွာသားများက ပြောသည်။
နီးစပ်သူ တစ်ဦးက “အခုက အဲဒီရွာနဲ့ လမ်းလျှောက်ရင် နာရီဝက်လောက် ရှိတယ် သူတို့နည်းနည်း လမ်းဘေး ပြန်ရွှေ့ထားတယ်၊ ဒါပေမယ့် အဲဒီနေရာကို ရွာတည်ဖို့က အုပ်စုမှူးတွေနဲ့ အစည်းအဝေး လုပ်ဦးမယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ရွှေ့တဲ့ သူတွေကတော့ တစ်ချို့အိမ်တွေ ဖြုတ်ပြီး အသစ်ပြန်ဆောက်နေပြီ။ တစ်ချို့ ကတော့ မိုးကာတဲတွေနဲ့ပဲ ယာယီနေသေးတယ် အိမ်တွေမဖြုတ်သေးဘူး” ဟု ပြောသည်။
မိုးများ အဆက်မပြတ် ပြန်လည် ရွာသွန်းလာနေခြင်းကြောင့် နေအိမ်များ မဖြုတ်သိမ်းရသေးမှီ မြေပြိုမှုများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
သဘာဝဘေးကြောင့် အရေးပေါ် အခြေအနေ တစ်ခုခုတွင် အကူအညီ တောင်းခံရန် လိုအပ်လာပါက ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ၏ ပြည်ထဲရေးဌာန၊ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဌာနတို့ အပါအဝင် သက်ဆိုင်ရာ မြို့နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီများ နှင့် ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီများကို ဆက်သွယ်၍ အကူအညီများ ရယူကြရန် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။