မော်ချီးသတ္တုတွင်းဒေသ လေကြောင်းမှ ၂ ကြိမ်တိုက်ခံရ၊ လူ ၅ ဦး ဒဏ်ရာ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
မော်ချီးသတ္တုတွင်းဒေသတွင် ၂၄ နာရီအတွင်း ၂ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၅ ဦး ပြင်းထန် ဒဏ်ရာရများ ရရှိခဲ့ သည်။
ကရင်နီပြည်ထဲက သတ္တုတူးဖော်ရေးလုပ်ငန်းမြို့ဖြစ်သည့် မော်ချီးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး ထိခိုက်မှု ရှိသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြု ပြောဆိုသည်။
မော်ချီးမြို့အား စစ်ကောင်စီက ၂၄ နာရီအတွင်း ၂ ကြိမ်မြောက် လေကြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခု ဇူလိုင်လအတွင်း၌ ၃ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း မော်ချီးမြို့မှာ လေကြောင်းမှ တိုက်ခိုက်ခံရမှု ၉ ကြိမ်ရှိပြီ ဖြစ်သည်ဟု ကရင်နီဒေသတွင်းရှိ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသူများက ပြောသည်။
မော်ချီးမြို့အနီးတစ်ဝိုက်တွင် စစ်ရေး လှုပ်ရှားနေသည့် မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “ကျနော်တို့ တစ်လေးလုံး စတော့ ဖားဆောင်းမှာက ခလရ ၁၃၄၊ ၁၃၅ ပဲကျန်တယ်။ အခုက ၁၃၄ ပါ သိမ်းနိုင်ပြီဆိုတော့ မကြာခင် ၁၃၅ လည်း ရတော့မယ်။ အဲ့ဒါကြောင့် သူတို့က မော်ချီးကို မဲနေတာ။ မော်ချီးထိရင် တော်လှန်ရေး တပ်တွေ ဆုတ်မယ်လို့ သူတို့ တွေးတာပေါ့။ ဖားဆောင်းလည်း နေ့တိုင်းကြဲတာပဲ။ လူမရှိတော့ သတင်းတွေ မတက်ကြတာ” ဟု ပြောသည်။
မော်ချီးမြို့ရှိ သတ္တုတွင်းလုပ်ငန်း အနီးတစ်ဝိုက် နေရာများကို ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y12 ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်မှုရှိခဲ့ပြီး လူနေအိမ် တစ်လုံး လည်း မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း နေထိုင်သူများက ပြောသည်။
မော်ချီးမြို့တွင် ခေတ္တခိုလှုံနေသူ တစ်ဦးက “မနေ့လည်း ကြဲတယ်ဆိုတော့ လေယာဉ်လာတာနဲ့ ကျဉ်းထဲ ဝင်ပြေး ကြတယ်လေ။ ကြုံရတာများပြီဆိုတော့ နည်းနည်းပါးပါးပဲ ထိတယ်။ လူသေတာတော့ ဒီနေ့ မရှိဘူး။ ဒဏ်ရာ ကတော့ ပြင်းတဲ့လူများတယ် ပြောတယ်။ စိုးရိမ်ရတာလည်း ပါတယ်” ဟု ပြောသည်။
ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင် အချိန်ခန့်ကလည်း မော်ချီးဒေသရှိ တောင်ပေါ်ကျေးရွာ၊ စက် ဆရာကွေ့နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာ များ ရရှိခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုထဲ လူနေအိမ် ၅ လုံး မီးလောင်ပြာကျ ပျက်စီးသွားခဲ့သည်။
အလားတူ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကိုလည်း ဇူလိုင်လ ၁၄ ရက်နေ့၌ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်း ၂ အဆောက်အအုံနှင့် ကားတစ်စီး မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု မြေပြင်ရှိ သတင်း အရင်းအမြစ်များက ပြောသည်။