မန္တလေး-မြစ်ကြီးနားလမ်းပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

မန္တလေး – မြစ်ကြီးနား လမ်းပိုင်းနေရာ အချို့ လေကြောင်း တိုက်ခိုက်ခံရသဖြင့် အရပ်သား ထိမှန် သေဆုံးမှုများ ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းနေရာ အချို့ကို နှစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး ပျက်စီးမှုများ ရှိခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ များက ထုတ်ပြန်သည်။ 

မန္တလေး – မြစ်ကြီးနား လမ်းပိုင်းရှိ ကောလင်းမြို့၊ ဒိုးပင်ကျေးရွာအနီးကို ဇူလိုင်လ ၁၄ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦး အပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ စက်သုံးဆီတင်ကား ၂ စီး နှင့် ထမင်းဆိုင်တစ်ဆိုင်ပါ မီးလောင်ပျက်စီးသွားသည်ဟု မြေပြင် သတင်း အရင်းအမြစ်များက အတည်ပြု ပြောဆိုသည်။

စစ်ကိုင်းနှင့် ကချင်အစပ်ဒေသခရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သူတို့က ပစ်ချင်တဲ့ နေရာကို ပစ်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာရယ်ကြောင့်တော့ မဟုတ်ဘူး။ သူတို့ ပစ်ချင်ရင် ပစ်တာပေါ့။ ပြီးရင် ဖြစ်နိုင် တာက ကာကွယ်ရေးတပ်တွေရဲ့ ဂိတ်တွေကို ပစ်တာ ဖြစ်နိုင်တယ်။ အခုက Starlink ကလည်း နေရာတိုင်းမှာ ရှိတော့ သတင်းပေးရတာက လွယ်တယ်။ ကျနော်တို့ ပင်လည်ဘူးမှာ ဆိုရင် မုံရွာကနေ ဆံပင်လာဝယ်တယ် ဆို ပြီး ထောက်လှမ်း လာတာတွေ ရှိတယ်ဟု လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် သုံးသပ်ပြောဆိုသည်။

ထို့အပြင် ဇူလိုင်လ ၄ ရက်နေ့ကလည်း မန္တလေး – မြစ်ကြီးနား လမ်းပိုင်းရှိ ကန့်ဘလူမြို့နယ်၊ သီရိမွန်ကျေးရွာ လမ်းဆုံကို ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ရသည်ဟု Kawlin Revolution-KR အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဥ်နှစ်ခုတွင် သေဆုံးဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှုများသည် လက်ရှိ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းထက် ပိုများနိုင်သည်ဟု ဆိုကြသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သည့် တယ်လီဂရမ် ချန်နယ်လ်များတွင်မူ ကောလင်းမြို့နယ်၊ ဒိုးပင်ကျေးရွာက KIA နှင့် PDF ထောက်ပို့စခန်းကို လေကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးသားထားသည်။

ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ လေကြောင်း ပစ်ခတ်ခံရသည့် ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် တစ်ဝိုက်တွင် မြေပြင်၌ နှစ်ဖက်ကြား တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုး မရှိဘူးဟု သိရသည်။

မန္တလေး – မြစ်ကြီးနား လမ်းပိုင်း ကားသမားတစ်ဦးက ကောလင်းဘက်တွေ၊ ကန့်ဘလူဘက်တွေမှာတော့ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းကတော့ မကြုံဖူးဘူးပေါ့လေ။ ဒါပေမဲ့ တခြား လမ်းပိုင်းတွေမှာ ဖြစ်တာ ကတော့ အဲ့လို ကြားရတာတွေတော့ ရှိတယ် ဟု ဆိုသည်။

လေကြောင်းမှ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ကောာလင်းမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကာကွယ်ရေး ပူးပေါင်း တပ်တို့က သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြန်လက်လွှတ်ခဲ့ရသည်။

ကန့်ဘလူမြို့နယ်၏ ဒေသ တစ်ချို့တစ်ဝက်ကိုမူ စစ်ကောင်စီတပ်နှင့် ဘုန်းကြီးဦးဝါသဝ ဦးဆောင်သည့် ပျူစော ထီး ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားပြီး ကာကွယ်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည့် ဒေသများ လည်းရှိသည်။

စစ်ကောင်စီတပ်သည် ကောလင်းမြို့၊ ကန့်ဘလူမြို့ အပါအဝင် စစ်ကိုင်းနှင့် ကချင်အစပ်က ထီးချိုင့်မြို့၊ ပင်လည် ဘူးမြို့၊ ဗန်းမောက်မြို့ နှင့် ကသာမြို့တို့၌ ထိတွေ့ တိုက်ပွဲများ မရှိသော်လည်း မကြာခဏ လေကြောင်းအသုံးပြု တိုက်ခိုက်လေ့ ရှိသည်။

ဓာတ်ပုံ- ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအနီး လေကြောင်းမှ တိုက်ခိုက်ခံရသည့် အခြေအနေ