စစ်ကိုင်း အထက်ပိုင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်းမှ စစ်ကူပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက အင်းတော် – မဲဇာ လမ်းပိုင်းရှိ ကျေးရွာများအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ယနေ့ (အောက်တိုဘာ ၈ ရက်) တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းမကြီးကို အပြည့်အဝ ထိန်းချုပ်နိုင် ရေးအတွက် စစ်အုပ်စုတပ်က အင်းတော်မြို့နယ် တောင်ဘက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်မ (၃၃) အပါအဝင် အင်အား ရာနှင့်ချီပါဝင်သည့် စစ်ကြောင်းသည် အောက်တိုဘာ ၁ ရက်မှစ၍ ထီးချိုင့် – ကသာ လမ်းကြောင်းအတိုင်း ထွက်ခွာလာပြီးနောက် အင်းတော်မြို့နယ် တောင်ဘက်ခြမ်းရှိ သက္ကယ်ကျင်း၊ မိုးယူ၊ နတ်မဟုတ်နှင့် ဆည်းရွာတို့တွင် တပ်စွဲခဲ့ကာ အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် သံဘိုနှင့် နောင်မိုးကျေးရွာများဘက်သို့ ဆက်လက် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အဆိုပါ အင်းတော် – မဲဇာ လမ်းပိုင်းတွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှု ကြောင့် အောက်တိုဘာလ ၇ ရက် နေ့မှစ၍ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သူတို့က မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို သာလွန်အင်အားနဲ့ ပြန် စိုးမိုးဖို့ တောင်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးလာတာပါ။ အခုက ထီးချိုင့် – ကျောင်းကုန်းတလျှောက် ရအောင် ပြန်ယူမယ်ပေါ့ အဲ့လိုမျိုးနဲ့ စစ်ကြောင်းထိုးလာတာ စခ (စစ်တပ်) တွေက။ သံဘိုနဲ့ နောင်မိုးရွာဘက်ကို ဦးတည်လာတော့ မဲဇာဘက် မရောက်ခင်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်ပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်း ပစ်ကူပေးခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်လက်နက်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သော်လည်း အသေးစိတ် စာရင်းကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

အင်းတော်မြို့နယ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ ၁ နှစ်နီးပါး ထိန်းချုပ်ထား ခဲ့သော်လည်း စစ်အုပ်စုတပ်က ၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းတွင် မြို့ပေါ်နှင့် မြောက်ဘက်ခြမ်း နဘား – မော်လူး လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်သွားခဲ့သည်။

သို့သော်လည်း မြို့ပတ်ဝန်းကျင် ကျေးရွာအများစုတွင် တော်လှန်ရေးတပ်များက ဆက်လက် ထိန်းချုပ်လှုပ်ရှား နေသဖြင့် စစ်အုပ်စုတပ်က မြို့နယ်တစ်ခုလုံး စိုးမိုးနိုင်ရန် တန်ပြန်ထိုးစစ်များ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

အလားတူ အင်းတော်ကြီးဒေသတွင်လည်း စစ်အုပ်စုတပ်နှင့် ၎င်းတို့လက်အောက်ခံ ရှမ်းနီအမျိုးသားများ တပ်မ တော် (SNA) ပူးပေါင်းတပ်များသည် KIA/PDF ထိန်းချုပ်နယ်မြေများသို့ ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက် လျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းက မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို စစ်အုပ်စုနှင့် SNA ပူးပေါင်းတပ်က အသေခံဒရုန်း (Kamikaze Drone) ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဘုရားကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သည်။

အင်းတော်ကြီး ဒေသခံတစ်ဦးက “ဘုရားကျောင်းမှာ မူကြိုကလေးတွေ စာသင်တာရှိပေမဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံ ရတဲ့နေ့က ဆုတောင်းပွဲရှိလို့ ကျောင်းပိတ်ထားလို့ တော်တော့တာ။ လူတော့ ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ပြော သည်။

လက်ရှိတွင် အင်းတော်ကြီးဒေသရှိ စစ်အုပ်စုတပ်နှင့် SNA ပူးပေါင်းတပ်သည် ဘာသာရေး အဆောက်အအုံများ နှင့် ဆေးရုံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း စစ်ရေးအခြေအနေမှာ ဆက် လက် တင်းမာလျက်ရှိသည်။

ဓါတ်ပုံ – (အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်သားများကို တွေ့ရစဉ်။ / ပုံဟောင်း – Crd)