မလေးရှားရောက် ဒုက္ခသည်များ၏ လုံခြုံရေး အာမခံချက် အပြည့်အဝ မပေးနိုင်ဟု UNHCR ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

မလေးရှားနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသည့် ဒုက္ခသည်များ၏ အနာဂတ် နေထိုင်ခွင့်နှင့် ပတ်သက်သည့် ဆုံးဖြတ် ချက်များမှာ မလေးရှားအစိုးရအပေါ်တွင်သာ မူတည်နေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် လုံခြုံရေးဆိုင်ရာ အာမခံချက်များကို အပြည့်အဝ ပေးနိုင်မည်မဟုတ်ကြောင်း ကချင်ဒုက္ခသည်များကော်မတီ (KRC Malaysia) က ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် အသိပေးထုတ်ပြန်သည်။

ယနေ့ ပြုလုပ်ခဲ့သည့် UNHCR နှင့် ဒုက္ခသည်အဖွဲ့အစည်း ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးတွင် UNHCR တာဝန်ရှိသူများက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် KRC Malaysia က ၎င်းတို့၏ အသင်းဝင်များထံ အသိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရောက် မြန်မာဒုက္ခသည်တစ်ဦးက “အခုက UN ကတ်အသစ် ထုတ်ပေးတာ ရော၊ သက်တမ်းတိုးတာပါ ရပ်လိုက်ပြီဆိုတော့ နေရထိုင်ရတာ အရင်ကထက် ပိုကျဉ်းကျပ်လာပြီ။ အစိုးရ အစီအစဉ်သစ်ကလည်း ဘယ်လိုလာမလဲ မသေချာသေးသလို UN ဘက်ကလည်း လုံခြုံရေး အာမခံချက် အပြည့်မပေးနိုင်တော့ဘူးဆိုတော့ အပြင်ထွက် အလုပ်လုပ်ဖို့တောင် စိုးရိမ်နေရတယ်” ဟု ပြောသည်။

မလေးရှားအစိုးရ၏ တောင်းဆိုချက်အရ လူသစ်မှတ်ပုံတင်ခြင်းနှင့် UNHCR ကတ်အသစ် ထုတ်ပေးခြင်း လုပ်ငန်းများကို လုံးဝရပ်ဆိုင်းထားပြီဖြစ်သကဲ့သို့ လက်ရှိတွင် ကတ်သက်တမ်းတိုးခြင်းနှင့် မိသားစုဝင်အသစ် ထည့်သွင်းခြင်း လုပ်ငန်းစဉ်များကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မှတ်ပုံတင်ခြင်းနှင့် ကတ်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခြင်းကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည် အသိုင်းအဝိုင်းအကြား ဖမ်းဆီးထိန်းသိမ်းခံရမည့် အရေးနှင့် အနာဂတ် နေထိုင်ခွင့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

လက်ရှိတွင် ကတ်သက်တမ်းတိုးရန်နှင့် မိသားစုဝင်ထည့်သွင်းရန် ရက်ချိန်းရရှိထားသူများအနေဖြင့် UNHCR ထံမှ SMS သို့မဟုတ် တရားဝင် အကြောင်းကြားစာ မရရှိသေးပါက ရုံးသို့ ကိုယ်တိုင်သွားရောက်ခြင်း မပြုကြရန်လည်း KRC Malaysia က တိုက်တွန်းထားသည်။

ထို့ပြင် မလေးရှားအစိုးရ ဦးဆောင်မည့် ဒုက္ခသည်မှတ်ပုံတင်ရေး အစီအစဉ် (DPP) နှင့် ပတ်သက်၍လည်း UNHCR ထံတွင် တိကျသေချာသည့် အချက်အလက်များ မရှိသေးပေ။

မလေးရှားတွင်နေထိုင်သည့် ကချင်အမျိုးသမီးတစ်ဦးက “အစိုးရအစီအစဉ်သစ် ဖြစ်တဲ့ DPP ကတ်ကလည်း ဘယ်တော့ စမလဲ၊ ဘယ်လိုပုံစံနဲ့ လာမလဲဆိုတာ တိတိကျကျ မသိရသေးဘူး။ တစ်ဖက်မှာလည်း UN က လုံခြုံရေး အာမခံချက် အပြည့်အဝ မပေးနိုင်တော့ဘူးလို့ ပြောလာတော့ ကြားကာလမှာ ဖမ်းဆီးခံရမှာကိုတော့ မစိုးရိမ်တဲ့သူ မရှိဘူး။ အခုက လူသစ်တွေလည်း အများကြီးလေနော်။ အရမ်းစိုးရိမ်နေကြတာ ဟုတ်တယ်။ အထူးသဖြင့် ကတ်သက်တမ်းကုန်နေတဲ့ သူတွေနဲ့ ကတ်မရသေးတဲ့ မိသားစုဝင်အသစ်တွေအတွက် ပိုပြီး အခက်တွေ့စေပါတယ်” ဟု ပြောသည်။

KRC Malaysia ၏ အသိပေးချက်တွင်လည်း “လူသစ်မှတ်ပုံတင်တာနဲ့ ကတ်အသစ်ထုတ်ပေးတာတွေ လုံးဝရပ် ဆိုင်းလိုက်ပြီ ဖြစ်တဲ့အတွက် လောလောဆယ် KRC အနေနဲ့ တတိယနိုင်ငံ အခြေချရေး (Resettlement) ကိစ္စ က လွဲပြီး ကျန်းမာရေးနဲ့ အဖမ်းအဆီးကိစ္စတွေအတွက် UN ကတ်ရဖို့ စာရေးပေးတာတွေကို ရပ်နားထားပါ မယ်” ဟု ဖော်ပြထားသည်။

သို့ရာတွင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး (Resettlement) လုပ်ငန်းစဉ်များကိုမူ UNHCR က ဆက် လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပြီး ထိုသို့ ဆက်လက်ဆောင်ရွက် နေခြင်းမှာ ဒုက္ခသည်အားလုံး တတိယနိုင်ငံသို့ သွားရောက်ခွင့်ရမည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်းကိုလည်း အသိပေးထားသည်။

မလေးရှားနိုင်ငံ၏ ဒုက္ခသည်ဆိုင်ရာ မူဝါဒများ အပြောင်းအလဲဖြစ်နေသည့် ကာလအတွင်း အတည်မပြုရသေး သည့် သတင်းများကို အလွယ်တကူ မယုံကြည်ကြရန်နှင့် အသင်းဝင်များ၏ ကျန်းမာရေး၊ ဖမ်းဆီးထိန်းသိမ်းခံရမှု နှင့် အခြားလူမှုရေး အခက်အခဲများကိုမူ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအတိုင်း ဆက်လက်ကူညီပေး သွားမည်ဖြစ်ကြောင်း KRC Malaysia က ထုတ်ပြန်ထားသည်။

ပုံစာ – မလေးရှားရောက် မြန်မာဒုက္ခသည်များအား ပြန်ပို့ရေးနှင့် စစ်ခေါင်းဆောင်အား ဖိတ်ခေါ်တွေ့ဆုံမည့် အစီအစဉ်အပေါ် မြန်မာဒုက္ခသည်များ ကန့်ကွက်ဆန္ဒပြနေကြစဉ်။ – ပုံဟောင်း / (ဓာတ်ပုံ – KRC Malaysia)