မွတ်ဆလင်ပညာရေးအတွက် ULA/AA က ကျပ်သိန်း ၂၂၀ ကျော် ထောက်ပံ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာ ခေါ် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းများတွင် အတန်းတင်စာမေးပွဲများ အဆင်ပြေချောမွေ့ စွာ စစ်ဆေးနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ငွေကျပ် သိန်း ၂၂၀ ကျော်ကို ကူညီ ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပသည့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ULA ၏ မောင်တောခရိုင် တာဝန်ရှိသူက မောင်တောခရိုင် မာဒရာဆာ ကျောင်းအုပ်ဆရာကြီး၊ မောင်တောခရိုင် ဂျူရီအဖွဲ့ဥက္ကဋ္ဌနှင့် မွတ်ဆလင်ရေးရာကောင်စီဥက္ကဋ္ဌတို့ထံ အဆိုပါ ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မောင်တောဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက “အေအေက အရင်ကလည်း ထောက်ပံ့တာတွေ ရှိတယ်။ ဇူလိုင်လကတည်းက မောင်တောခရိုင်က မွတ်ဆလင် ကျောင်းသားလူငယ်တွေ စာသင်ကြားဖို့ စာအုပ်တွေ ဝေတာရှိတယ်။ အခုလည်း သိန်း (၂၂၀) ကျော် စာမေးပွဲအတွက် ICJ ဆုံးဖြတ်ချက်နီးလာလို့ ဘာညာ မဆိုင်ပါ ဘူး။ အေအေက အသိုင်းအဝန်းနှစ်ခု သဟဇာတဖြစ်ရေး လုပ်နေတာ” ဟု ပြောသည်။
မောင်တောခရိုင်ပါတီကော်မတီမှ ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားသို့ ခရိုင်ပါတီတာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ မာဒရာဆာ ကျောင်းအုပ်ကြီးနှင့် ဆရာများ၊ ခရိုင်ဂျူရီအဖွဲ့နှင့် မွတ်ဆလင်ရေးရာကောင်စီမှ ခေါင်းဆောင်များ၊ မော်လဝီဆရာများ အပါအဝင် ဒေသခံ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနား၌ မာဒရာဆာ ကျောင်းအုပ်ဆရာကြီး၊ ခရိုင်ဂျူရီဥက္ကဋ္ဌနှင့် မွတ်ဆလင်ရေးရာကောင်စီဥက္ကဋ္ဌတို့က ယခုကဲ့သို့ ပံ့ပိုးပေးမှုအပေါ် ULA ထံ ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်ကျောင်းသားလူငယ်များ အစိုးရ အတန်းစာ (ခေတ်ပညာ) သင်ကြားနိုင်ရေးနှင့် ဒေသတွင်း လူမှုသဟဇာတဖြစ်ရေးအတွက် မော်လဝီဆရာများ၊ မာဒရာဆာကျောင်းအုပ်များနှင့် ULA တို့ တွေ့ဆုံဆွေးနွေးခဲ့ကာ မာဒရာဆာကျောင်းပေါင်း ၂၅ ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သေးသည်။
ထို့ပြင် မောင်တောခရိုင်ရှိ အစိုးရကျောင်းများ၌ တာဝန်ထမ်းဆောင်ရန် မွတ်ဆလင် ကျောင်းဆရာ၊ ဆရာမ ၅၀၀ ဦးအထိ ခန့်အပ်ပေးရန်လည်း စီစဉ်လျက်ရှိသည်။
AA နှင့် နီးစပ်သူတစ်ဦးက “ကျနော်တို့က သူတို့ မာဒရာဆာပညာရေးနဲ့ အစိုးရအတန်းစာ ပညာရေး တွဲလုပ်နေ တာပါ။ အစိုးရအဆက်ဆက်က ရခိုင်နဲ့ မွတ်ဆလင်အကြား လူမျိုးရေး ပြဿနာတွေလုပ် စာမတတ်ရအောင် ဖိနှိပ်ခဲ့ပေမယ့် တပ်တော်လက်ထက်မှာတော့ အဆင်ပြေအောင် လုပ်နေတာ” ဟု ပြောသည်။
(ဓာတ်ပုံ – Original uploader)