ရိုဟင်ဂျာအရေး လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်ကြောင်း ICJ ဆုံးဖြတ်၊ လက်တွေ့အရေးယူရန် ခက်နေသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း နိုင်ငံ တကာ တရားရုံး (ICJ) က ယနေ့ ချမှတ်လိုက်သည့် အပြီးသတ် စီရင်ချက်ကို မြန်မာအရပ်ဘက်လူထု အဖွဲ့ အစည်းများနှင့် နိုင်ငံတကာ လေ့လာသုံးသပ်သူများက ကြိုဆိုလိုက်ကြသည်။
သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ကျူးလွန်သူများကို အရေးယူနိုင် ရန် အခက်အခဲများစွာ ရှိနေသေးကြောင်း သုံးသပ်သူများက ထောက်ပြထားသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် အမှုတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း စစ်အုပ်စုတပ်၏ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” သည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ICJ တရားသူကြီးများက ယနေ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ရိုဟင်ဂျာနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၁၉ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ ကြိုဆိုခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်သူများ ဆယ်စုနှစ်တစ်ခုနီးပါး ကမ္ဘာသို့ ပြောပြနေသည့် အဖြစ်မှန်များနှင့် ၂၀၁၈ ခုနှစ် ကုလ သမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ တွေ့ရှိချက်များကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးက အတည်ပြုပေးလိုက် ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အရပ်ဘက်အဖွဲ့များက “ရိုဟင်ဂျာများ ပျက်သုဉ်းခဲ့ရမှုသည် ကံဆိုးမိုးမှောင်ကျမှု မဟုတ်ပါ၊ စစ်ပွဲ၏ လွန်ကဲမှု လည်း မဟုတ်ပါ။ ၎င်းသည် မြန်မာစစ်တပ်က ကြံစည်ကျူးလွန်ခဲ့သော လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ပြီး မည် သည့်အခါမျှ ထပ်မံ ငြင်းဆို၍ မရနိုင်တော့ပါ” ဟု ဆိုသည်။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ၏ အာရှရေးရာ အကြီးတန်းအကြံပေး Richard Horsey ကလည်း ယခုစီရင်ချက်သည် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
Richard Horsey က ICG ၏ ထုတ်ပြန်ချက်တွင် “ကမ္ဘာ့တရားရုံးက နိုင်ငံတစ်နိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရာမှာ တာဝန်ရှိတယ်လို့ ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်တာပါ။ အဲဒီစစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့ သူက အခု မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နေပါတယ်” ဟု ပြောဆိုထားသည်။
ရိုဟင်ဂျာများသည် ယခုဆုံးဖြတ်ချက်ကို ကြားသိရရန် ၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း၊ တရားရုံး၏ အမိန့် ကြောင့် ၎င်းတို့၏ လက်ရှိဘဝအခြေအနေ ချက်ချင်းပြောင်းလဲသွားမည် မဟုတ်သော်လည်း ကျူးလွန်ခံခဲ့ရမှု များကို ဥပဒေမှတ်တမ်းအဖြစ် အခိုင်အမာ တင်ကျန်စေခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
နေပြည်တော်ဘက်မှ မည်သို့ပင် ငြင်းဆိုစေကာမူ ယင်းမှတ်တမ်းကို ဖျက်ပစ်၍ မရနိုင်တော့ဟုလည်း ၎င်းက ပြောသည်။
နစ်နာကြေးနှင့် အရေးယူမှု တောင်းဆိုချက်များ
Burmese Rohingya Organisation UK၊ အမျိုးသမီးများငြိမ်းချမ်းရေးကွန်ရက်၊ ရှေ့ပြေးအသံအဖွဲ့နှင့် ချင်းလူ့ အခွင့်အရေးအဖွဲ့တို့ အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၁၉ ဖွဲ့က ယခုဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင် အထည်ဖော်ပေးရန် နိုင်ငံတကာကို တောင်းဆိုထားသည်။
နစ်နာကြေးများ ပေးလျော်ရန်၊ နောက်ထပ် မဖြစ်ပွားစေရေး အာမခံချက်အဖြစ် ရိုဟင်ဂျာများ၏ လူမျိုးစုအမှတ် လက္ခဏာကို အသိအမှတ်ပြုပေးရန်၊ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ရန်နှင့် မွေးရပ်မြေသို့ လုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
ထို့ပြင် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် စစ်တပ် ခေါင်းဆောင်များကို ရာဇဝတ်ကြောင်းအရ အရေး ယူနိုင်ရေး ဆောင်ရွက်ပေးရန်လည်း ကြေညာချက်တွင် တိုက်တွန်းထားသည်။
လက်တွေ့အကောင်အထည်ဖော်ရေးနှင့် သံတမန်ရေး အခက်အခဲ
ICJ တွင် တရားရုံး၏ အမိန့်ကို ကိုယ်တိုင် အတင်းအကျပ် အကောင်အထည်ဖော်နိုင်သည့် ယန္တရား မရှိကြောင်း Richard Horsey က ထောက်ပြသည်။
Richard Horsey က “အခု အရေးကြီးတာက နေပြည်တော်နဲ့ ဆက်ဆံနေတဲ့ အစိုးရတွေအနေနဲ့ ဒီဆုံးဖြတ်ချက် ကို လျစ်လျူရှုရင် တစ်စုံတစ်ရာ ပေးဆပ်ရအောင် လုပ်ဖို့ အသင့်ရှိမရှိ ဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုမည့် နိုင်ငံများအနေဖြင့် ပုံမှန်ဆက်ဆံရေးကဲ့သို့ ဟန်ဆောင်ရန် ခက်ခဲလာမည်ဖြစ်သော်လည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်း ရှိနေသည့်ကြား ကပင် ကြိုဆိုခဲ့ကြသည့် နိုင်ငံများအနေဖြင့် ယခုဆုံးဖြတ်ချက်ကြောင့် ၎င်း၏ ခရီးစဉ်များကို တားဆီးရန် မဖြစ် နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
သံတမန်ရေးရာတွင်မူ နေပြည်တော်သည် နယူးယောက်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာ ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်၌ ကုလသမဂ္ဂနှင့် ဆက်ဆံရာတွင် ပိုမိုခုခံကာကွယ် ပြောဆိုရသည့် အနေအထား ရောက်သွားနိုင် ကြောင်း Horsey က ဆိုသည်။
ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် (Intent) အပေါ် ICJ ၏ ကိုင်တွယ်ဆုံးဖြတ်ပုံကို အစ္စရေးနှင့် ရုရှားတို့အပေါ် စွဲဆိုထားသည့် အမှုများတွင်လည်း အနီးကပ် လေ့လာကြမည် ဖြစ်သည်။
ရခိုင်မြေပြင်နှင့် ဒုက္ခသည်စခန်းများ၏ အခြေအနေ
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရသည့် နယ်မြေအများစုကို လက်ရှိတွင် အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း Richard Horsey က ထောက်ပြသည်။
Richard Horsey က “ရခိုင်ပြည်နယ်ထဲမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေအတွက်တော့ နေပြည်တော်က ဘာပြောပြော အာရက္ခတပ်တော် (Arakan Army) က သူတို့အပေါ် ဘယ်လိုဆက်ဆံသလဲ ဆိုတာက ပိုပြီး အရေးကြီးပါလိမ့်မယ်” ဟု ပြောသည်။
လက်ရှိတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါး ခိုလှုံနေကြ ရပြီး အကူအညီပေးရေး ရန်ပုံငွေ ဖြတ်တောက်ခံရမှုများကြောင့် စားနပ်ရိက္ခာ ခွဲတမ်းများ လျှော့ချခံထားရသည်။
ယခု ICJ ၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာဒုက္ခသည်များ၏ အခက်အခဲကို နိုင်ငံတကာ အလှူရှင်များထံ ပြန်လည် သတိပေးနိုင်ပြီး အကူအညီများ တိုးမြှင့်ပေးလာစေရန် မျှော်လင့်ကြောင်း Richard Horsey က ပြောဆိုထား သည်။
ပုံစာ – နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) ၌ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အမှုအား ကြားနာစစ်ဆေးနေစဉ်။ (ဓာတ်ပုံ – ICJ)