ICJ ၌ မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ကြားနာစစ်ဆေးမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။ 

ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အမှုကို နှစ်သစ်ကူးကာလအပြီးတွင် ဆက်လက်ကြားနာသွားရန် ရှိသည်။ 

ဇန်နဝါရီလ ၁၂ ရက်မှ ၁၅ ရက်အထိ တရားစွဲဆိုသူ ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်များကို ဦးစွာကြားနာမည်ဖြစ်ပြီး၊ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိတွင် မြန်မာနိုင်ငံဘက်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြန်လည်လျှောက်လဲချက်ပေးရမည် ဖြစ်ပါသည်။

ယခုအကြိမ် ကြားနာမှုတွင် ထူးခြားချက်အနေဖြင့် ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှုများနှင့် စပ်လျဉ်း၍ မျက်မြင်သက်သေများကို (၃) ရက်တိုင်တိုင် တံခါးပိတ်ကြားနာမည့် အစီအစဉ် ပါဝင်ပါသည်။ 

ဤအမှုသည် ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အာဖရိကတိုက်ရှိ မွတ်စလင်အများစုနေထိုင်ရာ ဂမ်ဘီယာနိုင်ငံက ဦးဆောင်၍ စွဲဆိုထားခြင်း ဖြစ်ပါသည်။