မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ကျင်းပခြင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာလ ၂၂ ရက် (တနင်္လာနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးကို ဗြိတိန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဂျူလီဘစ်ရှော့ (Julie Bishop) က အွန်လိုင်းမှ တက်ရောက်ပြီး မြန်မာနိုင်ငံအခြေအနေမများကို ရှင်းပြခဲ့သည်။ 

သူက မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ 

အစည်းအဝေးမတိုင်မီ ဗြိတိန်နိုင်ငံ သံအမတ်ကြီးက မှတ်ချက်ပြုရာတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ရွေးကောက်ပွဲကျင်းပရန် လိုအပ်သော်လည်း ထိုရွေးကောက်ပွဲသည် အဓိပ္ပာယ်ပြည့်ဝပြီး သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခွင့်ရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ 

တောင်ကိုရီးယားနိုင်ငံကမူ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ၅ နှစ်တာကာလသို့ ရောက်ရှိလာသော်လည်း အခြေအနေများမှာ စိုးရိမ်ဖွယ်ရာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို ချမှတ်ခဲ့ဖူးပါသည်။ 

အဆိုပါဆုံးဖြတ်ချက်၌ အကြမ်းဖက်မှုများရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လည်လွှတ်ပေးရန်နှင့် အာဆီယံဘုံသဘောတူညီချက်များကို လိုက်နာရန် တောင်းဆိုထားသော်လည်း အရေးယူအပြစ်ပေးမည့် အစီအမံများမူ ပါဝင်ခြင်း မရှိခဲ့ပေ။