ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်တပ် စစ်ကြောင်းလှုပ်ရှား၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အုပ်စုတပ် စစ်ကြောင်းများ သွားလာလှုပ်ရှားနေခြင်းကြောင့် ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာတို့မှ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ရေနက်ဆိပ်ကမ်း လုံခြုံရေးယူထားသည့် အင်အား ၇၀၀ ခန့်ပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲနေထိုင်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မူးဒူးဘုန်းတော်ကြီးကျောင်း၌ ကထိန်အလှူပွဲ ကျင်းပရန်ရှိသဖြင့် ကျောင်းထိုင်ဆရာတော်နှင့် ရွာသူရွာသားများက ခေတ္တရှောင်ပေးရန် မေတ္တာရပ်ခံရာမှ စစ်ကြောင်းသည် နံနက် ၄ နာရီခန့်တွင် ကျေးရွာအရှေ့ဘက်ရှိ ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာများဘက်သို့ ထွက်ခွာသွားခဲ့သည်။

သို့သော် နေ့လယ်ပိုင်း ကထိန်တရားပွဲ မပြီးဆုံးမီမှာပင် ယင်းစစ်ကြောင်းသည် မူးဒူးကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ကထိန်ပွဲရှိလို့ မနက်အစောပိုင်းက ခဏရှောင်ပေးသွားပေမဲ့ နေ့လယ် ကထိန်တရားတောင် မဆုံးသေးဘူး၊ ရွာထဲ ပြန်ရောက်လာကြတယ်။ ထွက်သွားတဲ့ စစ်ကြောင်းတစ်ခုလုံး ပြန်ရောက်လာတာလား၊ ဟိုဘက်ရွာတွေနားမှာ လူချန်ထားခဲ့သေးလားဆိုတာ ဘယ်သူမှ အတိအကျ မသိရတော့ အားလုံးက စိုးရိမ်နေ ကြရတယ်” ဟု ပြောသည်။

ထွက်ခွာသွားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် အားလုံး မူးဒူးကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်း ရှိ၊ မရှိ အတည် မပြုနိုင်ဘဲ ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာ အနောက်ဘက်တစ်ဝိုက်တွင် တပ်သားအချို့ ဆက်လက် ကျန်ရှိနေနိုင်သည့် အခြေအနေကြောင့် အဆိုပါကျေးရွာနှစ်ရွာမှ ဒေသခံများမှာ ကြိုတင်တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“စစ်ကြောင်းက ရွာနားအထိ ပေါ်မလာသေးပေမဲ့ အနောက်ဘက်ခြမ်းမှာ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် မနေရဲတဲ့သူတွေကတော့ ဘေးလွတ်ရာကို ရှောင်ကုန်ကြပြီ။ တချို့ကလည်း အခြေအနေကို စောင့်ကြည့်နေ ကြပေါ့ အဲ့လိုမျိုးပဲ အားလုံးက သတိနဲ့နေနေရတယ်။ ဘာသာရေးပွဲတော် ကာလမှာတောင် စိတ်အေးလက်အေး မနေရဘဲ အမြဲကျီးလန့်စာစား ဖြစ်နေရတယ်” ဟု ရလိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန် နယ်မြေအတွင်း စစ်အုပ်စုတပ်၏ စစ်အင်အား ဖြည့်တင်းမှုနှင့် နယ်မြေစိုးမိုးရေး စစ်ကြောင်းလှုပ်ရှားမှုများ မကြာခဏ ရှိနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ ပုံမှန်လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသည့်အပြင် လုံခြုံရေးအတွက်လည်း နေ့စဉ်စိုးရိမ်ပူပန်နေကြရသည်။

ဓာတ်ပုံ – ထားဝယ်အထူးစီးပွားရေးဇုန်မြင်ကွင်းတစ်နေရာ။ / (ဓာတ်ပုံ – Original uploader)