စစ်ကြောင်းထိုးမှုကြောင့် ထားဝယ် စီးပွားရေးဇုန်မှ ဒေသခံများ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ သဖြင့် ဒေသခံရွာသားအများစုမှာ မိုးထဲလေထဲ၌ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင် နေကြ ရသည်။
မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ယာယီ စစ်စခန်း၌ တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာ အတွင်းသို့ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ယခင်က ပွင့်လင်းရာသီနှင့် ဆောင်းရာသီများတွင်သာ စစ်ကြောင်းထိုးလေ့ရှိသော်လည်း ယခုအခါ မိုးသည်း ထန်စွာ ရွာသွန်းနေသည့် ကာလတွင်ပါ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အသက် ၄၀ ဝန်းကျင်အရွယ် လဲရှောင်ရွာသားတစ်ဦးက “မနက်အစောကြီး ဝင်လာကြတာဆိုတော့ ဘာမှ ယူဖို့ မရလိုက်ဘူး၊ ခပ်မြန်မြန်ပဲ ကိုယ့်ဖာသာ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးလာရတယ်။ ရွာထဲက အိမ်တွေမှာ အဖွဲ့ လိုက် စခန်းဝင်ချနေကြတာ။ ရွာသားတွေလဲ လွတ်ရာ ကျွတ်ရာကို ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် လဲရှောင်ရွာအတွင်းရှိ နေအိမ်များ၌ အဖွဲ့လိုက် ခွဲဝေနေရာယူ တပ်စွဲထား ပြီး၊ မည်သည့်နေရာသို့ ဆက်လက်စစ်ကြောင်းထိုးမည်ကို မသိရသေးသဖြင့် လဲရှောင်ကျေးရွာနှင့် တစ်ဆက် တည်းရှိသည့် ထိန်ကြီးကျေးရွာနှင့် ပရဒပ်ကျေးရွာတို့မှ ဒေသခံများပါ စိုးရိမ်ထိတ်လန့်စွာဖြင့် အခြေအနေကို စောင့်ကြည့်နေကြရသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာမှုများကြောင့် လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထား နေရသည့် ဒေသခံ သက်မွေးဝမ်းကျောင်းပြုသူများမှာ လုပ်ငန်းခွင်အတွင်း စိတ်အေးချမ်းသာစွာ မလုပ်ကိုင် နိုင်ကြတော့သည့်အတွက် ရေရှည်စားဝတ်နေရေးအတွက်ပါ စိုးရိမ်နေကြသည်။
ထားဝယ်ခရိုင်အတွင်း၌ မေလအတွင်း စစ်တပ်က စစ်ရေးလှုပ်ရှားမှုများကို ခပ်စိပ်စိပ် ပြုလုပ်လာနေသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရလိုင်ကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာစာသင်ကျောင်းတွင် နှစ်ညအိပ်တပ်စွဲခဲ့ပြီးနောက် မေလ ၂၇ ရက် နံနက်ပိုင်းတွင်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အလားတူ လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။
ထို့ကြောင့် ဒေသခံရွာသားများ နေရပ်စွန့်ခွာကာ တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့် ရှိလာပြီဖြစ်ကြောင်း မြေပြင်သတင်းများက ဆိုသည်။