ငွေပေးရမယ့် Facebook အကောင့် သစ်တွေကြောင့် လူတန်းစား ကွဲပြားတော့မှာလား

သတင်းနဲ့ မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်။ 

Facebook ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Meta က လစဉ်ကြေးစနစ်ကို စတင်လိုက်တဲ့ အတွက် အကောင့်တွေမှာ ရိုးရိုး အကောင့်နဲ့ Plus အကောင့်ဆိုပြီး ကွဲပြား သွားတော့မယ်လို့ သုံးစွဲသူတွေ အကြား ဝေဖန်နေကြပါတယ်။ 

ဒါ့အပြင် အပြာမှတ်ခြစ်ပေးတဲ့ Meta verified အကောင့်တွေလည်း ဆက်ရှိနေအုံးမှာပါ။ 

ဒါကြောင့် Facebook မှာ ပိုက်ဆံ တတ်နိုင်သူနဲ့မတတ်နိုင်သူတွေ အဆင့်အတန်း ခွဲခြားခံရတော့မယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

Facebook တင်မက Instagram နဲ့ WhatsApp တွေမှာလည်း လစဉ်ကြေးနဲ့ Plus Plan တွေကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ 

ရိုးရိုးအကောင့် သုံးသူနဲ့ Plus သုံးသူတွေ လူတန်းစား ကွာခြားသွားသလို ဖြစ်လာမှာကို Facebook  သုံးသူတွေ အကြား ပြောဆိုနေကြပါတယ်။ 

အခုအသစ်ထွက်ရှိလာတဲ့ Consumer Plus Plans တွေကတော့ သာမန်သုံးစွဲသူတွေထက် Features အသစ်တွေကို ပိုပြီး သုံးချင်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

လစဉ်ကြေး ဈေးနှုန်းတွေက အကြမ်းဖျဉ်း Instagram Plus နဲ့ facebook plus က တစ်လကို ၄ ဒေါ်လာ နီးပါး( $3.99) နဲ့ WhatsApp Plus က တလစ်လကို ၃ ဒေါ်လာ နီးပါး ($2.99) ပေးသွင်းရမှာပါ။ 

Instagram နဲ့ Facebook မှာဆိုရင် မိမိရဲ့ Story ကို ဘယ်နှစ်ယောက်က ထပ်ခါတလဲလဲ ပြန်ကြည့်သလဲဆိုတဲ့ (Rewatch Count) ဆိုတာကို သိနိုင်မယ့်အပြင်၊ သူများ Story ကို သွားကြည့်ရင်လည်း ကိုယ့်နာမည်မပေါ်အောင် (Anonymous Preview) လုပ်လို့ရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် Font အလှတွေ၊ Custom Icon တွေနဲ့ တစ်ပတ်ကို တစ်ကြိမ် Story ကို လူမြင်ပိုများအောင် Spotlight တင်နိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်လာမှာပါ။

တချိန်ထဲမှာပဲ အွန်လိုင်းပေါ်မှာ Content ဖန်တီးသူတွေနဲ့ Business သမားတွေအတွက်လည်း နောက်ထပ် စမ်းသပ်မှု ၂ ခုကို ထိုင်း၊ မော်ရိုကို၊ ဆော်ဒီအာရေဗျနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဒီအပတ်ထဲ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။

Meta One Essential တလကို ၁၅ ($14.99) ဒေါ်လာ ပေးရမှာပါ။ အပြာရောင်အမှန်ခြစ် (Verified Badge)၊ အကောင့်တု ကာကွယ်ရေးစနစ်နဲ့ Linksheets တွေ ပါဝင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက‌တော့ Meta One Advanced ဖြစ်ပြီး တလကို ဒေါ်လာ ၅၀ ($49.99) ပေးရမှာပါ။  

ဒါကတော့ ဒီအစီအစဉ်ကို ဝယ်ထားရင် Facebook Feed ပေါ်မှာ ကိုယ့်အကောင့်ကို ပိုပြပေးမှာဖြစ်ပြီး၊ Search မီးမောင်းထိုးပြမှု၊ Reels တွေမှာ “Follow” ခလုတ်ကို ထင်ရှားအောင် လုပ်ပေးမှုတွေအပြင်… ကိုယ့် post တွေကို လာရောက်ပတ်သက်သူတွေကို အလိုအလျောက် Follow လုပ်ဖို့ ဖိတ်ကြားမှု  (Automatic Follow Invitation) ပို့ပေးမယ့် စနစ်တွေအပြင်၊ ခိုင်မာတဲ့ Data Analytics တွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။

Monetization ခေတ်စားလာတဲ့ အချိန်မှာ ငွေမပေးတဲ့ အကောင့်တွေက နောက်ကျကျန်ခဲ့မယ့် အန္တရာယ်လည်း ရှိလာနေတာ ဖြစ်ပါတယ်။