NMSP ထိန်းချုပ်နယ်မြေကို စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP) ၏ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် များ အသုံးပြုကာ ဗုံးသီး အလုံးရေ ၂၀ ကျော်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ အရပ်သား ၃ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ဖလံချောင်းဝကျေးရွာနှင့် ချဲ့ဒိုက်ကျေးရွာတို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှစ၍ စစ်အုပ်စုတပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ ည ၁၁ နာရီခန့်မှ စတင်ကာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီအတွင်း ဖလံချောင်းဝ ကျေးရွာသို့ စစ်အုပ်စုတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကြဲချခဲ့ရာ ပထမအကြိမ် ဗုံးကြဲမှု အတွင်း အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ကြောက်လန့်၍ ကားဖြင့် ထွက်ပြေးကြသည့် ရွာသားများကိုပါ လေယာဉ်က ပြန်လည်ဝဲပျံကာ ထပ်မံဗုံးကြဲခဲ့သဖြင့် ဒေသခံ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်အုပ်စုတပ်က ချဲ့ဒိုက်ကျေးရွာကို လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်း လူနေအိမ်များနှင့် မွန်ပြည်သစ်ပါတီ၏ ဆေးခန်းပါ ထိခိုက်ပျက်စီးခဲ့ရသည်။
ဒေသခံတစ်ဦးက “အရင်က ဒီနယ်မြေမှာ ဘယ်တုန်းကမှ ဒီလိုလေကြောင်းနဲ့ တိုက်ခိုက်ခံရတာမျိုး မရှိဖူးပါ ဘူး။ အခုလို အပစ်ရပ်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲအထိ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးလာကြဲတာကတော့ ပြည်သူတွေ ကို တမင်သက်သက် ဒုက္ခပေးနေတာပါပဲ။ ကျနော်တို့ဒေသကို လူတွေက ဘာမဖြစ်ဘူး အေးဆေးပဲလို့ ပြော ပြောနေကြတာ တကယ်တော့ မဟုတ်ပါဘူး။ မအေးချမ်းပါဘူးဗျာ” ဟု ပြောသည်။
ချဲ့ဒိုက်ကျေးရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ရွာသား ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀ လုံးကျော်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ၏ ဆေးခန်းပါ မီးလောင်ပျက်စီးသွားခဲ့သည်။
အခြား ဒေသခံတစ်ဦးကလည်း “လက်ရှိမှာတော့ လေယာဉ်ပျံအသံပဲ နားစွင့်နေရတယ်။ အဲ့ဒီအသံကြားတာနဲ့ လူတွေက ထွက်ပြေးပေါ့ အဲ့လိုပဲ။ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတယ်။ နေထိုင်စားသောက်ရေး လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် ကျေးရွာများသည် စစ်အုပ်စုနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) ၏ တိုက်ရိုက် ထိန်းချုပ်ဧရိယာ အတွင်း တည်ရှိနေခြင်းဖြစ်ပြီး ယခင်က လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် မြေပြင်စစ်ကြောင်းထိုးမှုမျိုး လုံးဝ မရှိခဲ့ဖူးသည့် ဒေသများ ဖြစ်သည်။
လက်ရှိတွင်မူ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံနေရခြင်းကြောင့် ဖလံချောင်းဝ၊ ချဲ့ဒိုက် အပါအဝင် အနီးဝန်းကျင် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံပြည်သူများမှာ လေကြောင်းရန်ကို စိုးရိမ်ရသဖြင့် ဘေးလွတ်ရာ တော တောင်များနှင့် ဆွေမျိုးသားချင်းရှိရာ ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိနေသည်။