ဖားကန့် ပစ်ခတ်မှု အမျိုးသမီး ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးရင်း ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “မှော်စီစာ တောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအုပ်စုထဲက အင်အား ၁၀၀ ကျော်က ဖားကန့်ကို ခြေလျင် စစ်ကြောင်းထိုးတယ်။ တစ်လမ်းလုံး ဟိုပစ်ဒီပစ် လုပ်သွားတာတွေ ရှိတယ်။ အမျိုးသမီး တစ်ဦးကတော့ ပန်းတင်တံတား ထိပ်မှာတော့ ပြည်သူတွေ ပစ်ခတ်ခံရတယ်။ အမျိုးသမီးတစ်ဦးက ပွဲချင်းပြီး သေဆုံးသွားတယ်။ အဲ့ဒီနောက်တော့ အဲ့ဒီစစ်ကြောင်းက ဗျူဟာကုန်းကို ထပ်ဝင်သွားတယ်။ စုပေါင်း ရုံးမှာလည်း နေရာယူထားကြတယ်လို့ သိရတယ်” ဟု ပြောသည်။
ဩဂုတ်လ ၂၅ ရက်နေ့ (ယမန်နေ့)၊ နံနက်ပိုင်း ၇ နာရီ အချိန်ခန့်တွင် မှော်စီစာကျေးရွာ ဘုရားကုန်း၌ တပ်စွဲထား သည့် အင်အား ၁၀ ၀ကျော်ရှိသော စစ်ကော်မရှင် ပူးပေါင်းတပ်ဖွဲ့သည် ဖားကန့်မြို့ ဗျူဟာကုန်းသို့ ခြေလျင်ဖြင့် သွားရောက် ပူးပေါင်းစဥ် လမ်းတစ်လျှောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖားကန့်မြို့အဝင် ပန်းတင်တံတားအနီးတွင် အထက်ပါ ဒေသခံများ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ စစ်ကြောင်းသည် ဖားကန့်မြို့ပေါ်သို့ ဆက်လက် ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း နမ္မဖြစ်ကျေးရွာတစ်ဝိုက်တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ စီးလာသည့် အိမ်စီးကားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဒရုန်း ၅ စီး၊ ကားတစ်စီး အပါအဝင် စစ်သုံ့ပန်းများကို အရှင်ဖမ်းမိခဲ့သေးသည်။
ကင်းထောက်ဒရုန်း ၁ စီးနှင့် တိုက်ခိုက်ရေး ဒရုန်း ၄ စီးကို KIA က သိမ်းဆည်းရမိခဲ့သည်ဟု သိရပြီး အဆိုပါ ဖြစ်စဥ်နောက်ပိုင်း ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖားကန့် – လုံးခင်း လမ်းမကြီး၌ အရပ်သား ကားတစ်စီးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
ဖားကန့်မြို့ မြောက်ဘက်ခြမ်းရှိ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ရှရော်ခ၊ ညောင်ပင်ကုန်း၊ အမှိုက်ပုံကျေးရွာ တစ်ဝိုက်တွင်လည်း နှစ်ဖက်ကြား စစ်ရေး ဆက်လက် တင်းမာနေပြီး ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဖားကန့် စစ်ရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက “လက်ရှိ စစ်ရေးအခြေအနေကတော့ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး တစ်ဝိုက်ဘက်မှာတော့ စစ်ရေး တင်းမာနေတယ်။ အမှိုက်ပုံရွာဘက်မှာတော့ တောက်လျှောက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ စစ်တပ် ဘက်ကတော့ ဒရုန်းများများ အသုံးပြုပြီးတော့ ဒရုန်းဗုံးတွေ ကြဲချတာတွေ လက်နက်ကြီး ပစ်ခတ်တာ တွေ ပြင်းပြင်းထန်ထန် လုပ်တယ်လို့ ကြားရတယ်” ဟု ပြောသည်။
ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီတပ် ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မေလနောက်ဆုံး အပတ်မှ စတင်ကာ ဖားကန့်မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး KIA ပူးပေါင်းတပ်နှင့် နေ့စဥ် ထိတွေ့မှုများ ဖြစ်ပွားနေသည်။
ထို့အပြင် ဖားကန့်မြို့ကို ဝင်ရောက်နိုင်သည့်လမ်းများကိုလည်း စစ်တပ်နှင့် ရှမ်းနီတပ်က ပြန်လည် ထိန်းချုပ်ထား သည်။
လက်ရှိတွင် တင်းမာလာသည့် နှစ်ဖက်ကြားက စစ်ရေးအခြေနေများကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ ရှရော်ခ၊ လုံးခင်း၊ ဆိုင်းတောင်၊ မှောစီစာစသည့် ကျေးရွာများ အပါအဝင် ရွာပေါင်းများစွာက ဒေသခံထောင်နှင့်ချီမှာ ဘေးလွှတ်ရာများသို့ စစ်ဘေး တိမ်းရှောင်နေကြရသည်။
အလားတူ ဖားကန့်မြို့ကို ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို စစ်တပ်နှင့် ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့ထား သည့်အတွက် ဒေသတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ကာ စက်သုံးဆီပါ ပြတ်တောက်နေသည်။
စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့လက်လွှတ်ထားရသည့် မြို့များကို ပြန်လည် ရယူရန် အရှိန် အဟုန်မြင့် ကြိုးစားလာနေပြီး ကချင်ပြည်တွင် ဖားကန့်မြို့၊ ဗန်းမော်မြို့နှင့် အင်းတော်ကြီးဒေသ အပါအဝင် ဝိုင်းမော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။