ထောင်ဘူးဝတွင် ပြန်လည် ဖမ်းဆီးခံရသော နိုင်ကျဉ်း ၇၄ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

စစ်ကော်မရှင်သည် လွတ်ရက်စေ့သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ဗူးဝတွင်ပင် ပြန်လည် ဖမ်းဆီးမှု များ လုပ်လျက်ရှိရာ ဖမ်းဆီးခံရသူ ၇၄ ဦး ရှိသွားပြီဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPNM က ပြောသည်။

စစ်အာဏာသိမ်းကာလအတွင်း လွတ်ရက်စေ့ နိုင်ကျဉ်းများကို ထောင်ဗူးဝ၌ပင် ပုဒ်မ အမျိုးမျိုးတပ်ကာ ပြန်လည်ဖမ်းဆီး အမှုတပ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျှက်ရှိရာ ပြန်လည် ဖမ်းဆီးခံသူ ၇၄ ဦး ရှိပြီးဖြစ်ကြောင်း PPNM မှ မှတ်တမ်းတင်ထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ထောင်က လွတ် ပြီ ဆိုတဲ့ခါမှာ နောက်အမှုတပ်တာမျိုး တရားရုံးတွေ နယ်မြေရဲစခန်းတွေမှာ ဆက်ပြီး ဖမ်းခိုင်းထားလို့ ဖမ်း ဝရမ်းရှိလို့ ပုံစံမျိုးနဲ့ ပြန်လည် ဖမ်းဆီးခံရတာများပါတယ်။ အများအားဖြင့်တော့ အကြမ်းဖက်တွေကို ထောက် ပံ့တယ်ဆိုပြီး ၅၀ ညနဲ့ ပြန်ဖမ်းတယ်။ တစ်ချို့တွေလည်း ၅၂ ပုဒ်မ(က) နဲ့ ပြန်ဖမ်းတာမျိုး ရှိပါတယ်။ ပြီးတော့ ၅၀၅က နဲ့ ပြန်ပြီးမှ ဖမ်းဆီးတာမျိုးတွေလည်း ရှိပါတယ်။ ဒီပုဒ်မ ၃ ခုကို ကျနော်တို့ အဓိက တွေ့ရပါတယ်” ဟု ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့တွင် လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ မမိုးဆန်းစုကြည်ကို လည်း အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-ကဖြင့် ပြန်လည် ဖမ်းဆီးလိုက်ကြောင်း PPNM က ဆိုသည်။

လွတ်ရက်စေ့သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ဗူးဝမှ ပြန်လည်ဖမ်းဆီးနေသည့် အခြေအနေများနှင့် ပတ်သက်၍ ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“အများအားဖြင့်တော့ အစောပိုင်းဖမ်းတုန်းက ဘာပုဒ်မမှ မကပ်ဘဲနဲ့ လွတ်ရက်စေ့ပြီး ထောင်ကနေ ပြန်လွတ် လာတဲ့အချိန်ကျမှ တခြားပုဒ်မတွေ ကပ်ပြီး ဖမ်းဆီးတာ ကျနော်တို့တွေ့ရတယ်။ ပြန်ဖမ်းခံရတဲ့သူ တော်တော် များများက အရင် မှတ်တမ်းတွေရှိပြီးမှ အပြင်ကို ရောက်ရင်လည်း ပြန်လုပ်နိုင်လောက်တယ်လို့ သူတို့ ယူဆ ထားတဲ့သူတွေ ပြီးတော့ သူတို့သံသယဖြစ်တဲ့လူတွေကို သူတို့ ပြန်လည်ဖမ်းဆီးတာ ကျနော်တို့ တွေ့ရပါတယ်။” 

လွတ်ရက်စေ့သည့် နိုင်ငံရေး အကျဉ်းသားများ ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီးခံရမှုသည် လွိုင်ကော် အကျဉ်း ထောင်၊ ကလေးအကျဉ်းထောင်၊ သရက်အကျဉ်း နှင့် သာယာဝတီထောင်တို့တွင် အဓိကတွေ့ရသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ထို့အတူ အိုးဘိုထောင်၊ အင်းစိန်ထောင်၊ ဒိုက်ဦး၊ သရက်၊ မိတ္ထီလာ၊ ကသာ၊  မြစ်ကြီးနား အကျဉ်းထောင်၊ ညောင်ရွှေ၊ ရွှေဘို၊ မြိတ်၊ မြင်းခြံ၊ ပုသိမ် ပခုက္ကူနှင့် သထုံအကျဉ်းထောင်တို့တွင် လွတ်ရက်စေ့ပြီး ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးမှုများ ဖြစ်နေသည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ဦးဆောင် တာဝန်ခံ မဇူးဇူးမေယွန်းက “အဓိကအကြောင်းအရင်း ကတော့ စစ်တပ်ရဲ့ ရည်ရွယ်ချက် ကတော့ ရှင်းပါတယ်။ အဓိကကတော့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့ ဓားစာခံ လိုမျိုးနဲ့ ထည့်ထားတာ ဖြစ်တယ်။ ဒါကို ပြည်သူတွေနဲ့ တော်လှန် အင်အားစုတွေ ဘက်ကလည်း သိဖို့ လိုအပ် သလို နိုင်ငံတကာဘက်ကလည်း ဖိအားအမျိုးအမျိုး အကြမ်းဖက် စစ်ကောင်စီကို ပေးဖို့လိုအပ်တယ်” ဟု ပြော သည်။

လွတ်ရက်စေ့သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးမှုအပြင် နိုင်ငံရေးအကျဉ်းသားများအပေါ်  အခြား နည်းလမ်း အမျိုးမျိုးဖြင့် အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေကို မဇူးဇူးမေယွန်းက ယခုကဲ့သို့ ဆက် ပြောသည်။

လွတ်ရက်စေ့ပေမဲ့ ထောင်ဗူးဝကနေ ပြန်လည်ဖမ်းဆီးပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ တစ်ခြားအမှုတွေ တပ် ပြီးတော့ပေါ့နော် ပြီးရင်ပုဒ်မကြီးတွေနဲ့ တပ်ပြီးတော့ပြန်လည် ဖမ်းဆီးတာပေါ့နော်။ အဲ့ဒီအပြင်ကို ညှင်းပမ်း နှိပ်စက်မှုတွေ အကြောင်းအမျိုးမျိုးနဲ့ ထောင်ထဲမှာ ပြစ်ဒဏ် တိုက်ထဲမှာ ထည့်တာမျိုးတွေထိ ကျူးလွန် ခံရပါ တယ်။ အကျဉ်းထောင်ထဲမှာ အပ်တိုတစ်ချောင်းတောင် ကိုင်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေကို အပြင် ကနေပြီးတော့ သူတို့က လေးခွတွေနဲ့ ပစ်တာမျိုး ဒီလိုမျိုးဖြစ်စဉ်တွေလည်း ရှိခဲ့တယ်ပေါ့နော်။ ခြိမ်းခြောက် တာမျိုးတွေ လုပ်နေတာလည်း ရှိတယ်ပေါ့နော်။

ထို့အတူ နိုင်ငံရေးအကျဉ်းသားများကို မိသားစုများနှင့် ဝေးလံသည့် အကျဉ်းထောင် နေရာများသို့ ထောင်ပြောင်း ပို့လိုက်သည့်အတွက် ပါဆယ်နှင့် ထောင်ဝင်စာတွေ့ရန် အခက်အခဲများလည်း ကြုံနေရသည်ဟု WOPP က ပြော သည်။

စစ်ကော်မရှင်တပ်၏ နိုင်ငံရေးအကျဉ်းသားများအား လွတ်ရက်စေ့သည့်တိုင်အ ထောင်ဗူးဝတွင်ပင် ပုဒ်မ အမျိုး မျိုးတပ်ကာ ပြန်လည်ဖမ်းဆီး အမှုတပ်ခြင်းများ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းနှင့် အကျဉ်းထောင်ထဲ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက် ထုတ်ဖော်ပေးသွားမည်ဟု နိုင်ကျဉ်းအရေး လုပ်ဆောင်နေသူ များက ပြောသည်။