ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး အဖွဲ့ ၅၉ ဖွဲ့ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် ယခုထက်ပို၍ ထိရောက်ပြီး လက်တွေ့ကျသည့် ဖိအားပေးမှုများ လုပ်ဆောင်ရန် Blue Shirt Movement-Myanmar နှင့် မဟာမိတ်အဖွဲ့ ၅၈ ဖွဲ့က တောင်းဆိုလိုက်သည်။

ဧပြီလ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၁၂) ရက်တိုင်တိုင် ပြုလုပ်ခဲ့သည့် Blue Shirt Campaign လူထုလှုပ်ရှားမှု နှင့်အတူ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနှင့် အမေရိကန်အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များ အနေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားအရေးကို အထူးအလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

Blue Shirt Movement-Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ကိုကောင်းယံလင်းက အမှန်တကယ်တော့ နိုင်ငံရေး အကျဉ်းသားအများစု မလွတ်မြောက်သေးပါဘူး။ လွတ်ငြိမ်းချမ်းသာပေးတယ်ဆိုတဲ့ နေရာမှာလည်း ထောင်ထဲမှာ နှစ်အကြာကြီးနေပြီး လွတ်ရက်စေ့ခါနီးသူတွေက အများစုပါ။ ဒါကြောင့် စစ်အုပ်စုရဲ့ အကျဉ်းထောင်တွေထဲမှာ ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးလွတ်မြောက်ဖို့အတွက် နိုင်ငံတကာက အစဉ်တစိုက် ဖိအားပေးစေချင်ပါတယ် ဟု ပြောသည်။

လက်ရှိတွင် အသက် ၈၀ ကျော်အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စစ်အုပ်စုက သတင်းအမှောင်ချထားသည့်အပေါ် နိုင်ငံရေးအင်အားစုများက အထူးစိုးရိမ်နေကြသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) အထွေအထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက လက်ရှိ ထောင်ထဲမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အသက်အန္တရာယ်က အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ အခု အခြေအနေ ဘာတွေဖြစ်နေမှန်းလည်း မသိဘူး။ သတင်းအမှောင် ချထားတာ တွေလည်း ရှိတယ် ဟု ထောက်ပြသည်။

အလားတူ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းကလည်း အတုအယောင် အစိုးရက လက်ရှိအထိ ဘာမှ တိတိကျကျ မဖော်ပြတဲ့အတွက် ကျမတို့အနေနဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အရေးကို ပိုပြီးတော့ အရွေ့တစ်ခုကို သွားဖို့ လိုအပ်လာပြီလို့ သုံးသပ်ချင်ပါတယ် ဟု ပြောသည်။

အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနှင့် အသက်ရှင်လျက်ရှိ ကြောင်း ခိုင်မာသည့် သက်သေပြရန် “Proof of Life” ကမ်ပိန်းကို သားဖြစ်သူ ဦးထိန်လင်းနှင့်အတူ ပြည်သူများ က ယခုရက်ပိုင်းအတွင်း စတင်လိုက်ကြသည်။ 

All in One Piece Movement အဖွဲ့က ဦးဆောင်သည့် ဤလှုပ်ရှားမှုသည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေ အနေကို သားတစ်ဦးအနေဖြင့် သိရှိခွင့်ရရှိရန်ဟူသော အခြေခံလူသားအခွင့်အရေးအပေါ် မူတည်ကာ တောင်းဆိုထားခြင်း ဖြစ်သည်။

ကိုထိန်လင်းနှင့်အတူ မြန်မာ့အရေးလှုပ်ရှားနေသူများက ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်အုပ်စုအပေါ် ဖိအားပေးရန်၊ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ပြည်သူကို ဗုံးကြဲနေသည့် လေယာဉ်ဆီတင်သွင်းမှုများကို ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။ 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို စစ်အုပ်စုဘက်က လုံးဝအမှောင်ချထားသည့်အတွက် ၎င်း၏ အသက်အန္တရာယ်အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူများက အထူးစိုးရိမ်ပူပန်နေကြသည်။

PPNM ၏ မှတ်တမ်းများအရ အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၇၉ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကျနော်တို့ ပြည်သူလူထု တစ်ရပ်လုံးက ရောက်ရှိရာနိုင်ငံတွေမှာ ကြိုးစားနေကြသလိုပဲ၊ နိုင်ငံတကာ အသိုင်း အဝန်း အနေနဲ့လည်း ပိုပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ၊ မလွတ်လာခင်စပ်ကြားမှာ ကူညီစောင့်ရှောက်မှု တွေ ပိုပေးဖို့ အတွက် ကျနော်တို့ ရည်ရွယ်ပါတယ် ဟု ပြောသည်။

AAPP ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကလေးသူငယ် ၆၀၀ ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။ 

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုအား အသိအမှတ်မပြုရန်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေရေး အရှိန်မြှင့် ဆောင်ရွက်ပေးရန် Blue Shirt Movement က အလေး အနက် တိုက်တွန်းထားသည်။

ဓါတ်ပုံ – PPNM