မြဝတီတွင် တိုက်ပွဲပြင်းထန်ပြီး စစ်အုပ်စုစစ်ကြောင်း ပျက်စီး၊ အရပ်သား ၇ ဦး ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ လေးကေကော်မြို့သစ်အနီးရှိ ‘ရဲကုန်း’ တောင်ကုန်း၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း ဆုတ်ခွာပေးခဲ့သည့် ရဲကုန်းနေရာသို့ စစ်အုပ်စုပူးပေါင်း စစ်ကြောင်းက ဝင်ရောက်တပ်စွဲစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ခမရ (၅၅၆) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုနှင့် နယ်ခြားစောင့်တပ် (BGF)၊ ဒီကေဘီအေ (DKBA) ခွဲထွက်အဖွဲ့တို့မှ တပ်ခွဲမှူးများအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပြီး၊ စစ်တပ်ဘက်မှ ရုပ်အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

စစ်တပ်ဘက်မှ အထိနာသွားပြီးနောက် ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးကျည်များမှာ ထိုင်းနိုင်ငံဘက်ခြမ်းအထိ ကျရောက်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

ကရင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲကတော့ အင်မတန်ပြင်းထန်တယ်လို့ ပြောလို့ရတယ်။။ သူတို့ဘက်က လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ပြန်ခုခံပေမယ့် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီး သွားတဲ့အထိ အထိနာသွားတာဖြစ်တယ် ဟု ပြောသည်။

လက်ရှိတွင် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ဦးဆောင်သော တပ်ဖွဲ့များက အဆိုပါ ရဲကုန်းနေရာကို ပြန်လည်ရရှိရန် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။ 

အဆိုပါဒေသတွင် စစ်တပ်၊ BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့ ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၅ ကြောင်းခွဲကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ အလွန်ပြင်းထန်လျက်ရှိသည်။

တိုက်ပွဲများ ပြင်းထန်နေချိန်အတွင်း မြဝတီမြို့နယ်၊ ဝါးမီထကျေးရွာမှ အရပ်သား ၇ ဦးမှာလည်း ၅ ရက်ကြာ ပျောက်ဆုံးလျက်ရှိသည်။ ဇူလိုင်လ ၁၀ ရက်နေ့က မဲကနယ်-ဖလူး တောလမ်းပိုင်းတွင် တိမ်းမှောက်နေသော ကုန်တင်ကားတစ်စီးကို ထွန်စက်ဖြင့် သွားရောက်ဆွဲကူရာမှ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူများထဲတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်နေသည်။ ပျောက်ဆုံးနေသူများ အား စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသည်။

မိသားစုများနှင့် နီးစပ်သူတစ်ဦးက အခုထိ အဆက်အသွယ်မရတော့တာ။ သူတို့ကို ဘယ်သူတွေ ဖမ်းသွားတယ်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာ အတည်ပြုလို့မရသေးဘူး။ အသက်ရှင်လျက်နဲ့ ပြန်တွေ့ဖို့ပဲ ဆုတောင်းနေရပါ တယ် ဟု ပြောသည်။

လေးကေကော်မြို့သစ်အနီး တစ်ဝိုက်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး တော်လှန်ရေး အင်အားစုများနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွား လျက်ရှိသည်။

Photo:Social Media (ပုံဟောင်း)