စစ်အုပ်စုက အီရန်လေယာဉ်ဆီများကို ဒီဇယ်အဖြစ် လိမ်လည်တင်သွင်းနေကြောင်း Reuters ဖော်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
မြန်မာစစ်အုပ်စုသည် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းရန်အတွက် အီရန်နိုင်ငံထုတ် လေယာဉ်ဆီများကို တောင်အာဖရိကထွက် ဒီဇယ်ဆီများအဖြစ် စာရွက်စာတမ်း အတုများဖြင့် လိမ်လည်တင်သွင်းနေကြောင်း ရိုက်တာ (Reuters) သတင်းဌာနက စုံစမ်းဖော်ထုတ်လိုက် သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိလာသည့် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော “Reef” အမည်ရ ရေနံတင်သင်္ဘောပေါ်တွင် လေယာဉ်ဆီ စည်ပိုင်းပေါင်း ၁ သိန်း ၁ သောင်း ၃ ထောင်ခန့် ပါဝင်လာခဲ့သည်။
အဆိုပါ တင်သွင်းမှုကို မြန်မာအခြေစိုက် Dynamic Wave အမည်ရ စွမ်းအင်ပွဲစားကုမ္ပဏီက ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုထံမှ တောင်အာဖရိကထွက် ဒီဇယ်ဆီ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်းဖိုး ဝယ်ယူသည့်ပုံစံဖြင့် အတုအယောင် စာချုပ်ချုပ်ဆို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ လောင်စာဆီများသည် အီရန်နိုင်ငံ ဘန်ဒါအက်ဘတ်စ် (Bandar Abbas) ဆိပ်ကမ်းမှ တင်ဆောင်လာသည့် လေယာဉ်ဆီများဖြစ်ကြောင်း ဂြိုဟ်တုဓာတ်ပုံများနှင့် ရေကြောင်းသွားလာမှု မှတ်တမ်းများအရ Reuters က အတည်ပြုထားသည်။
ယခုကဲ့သို့ လိမ်လည်တင်သွင်းမှုတွင် စစ်ကောင်စီကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး၊ သင်္ဘောမရောက်လာမီ ရက်ပိုင်းအလိုတွင် နိုင်ငံခြားငွေ ကြီးကြပ်ရေးအဖွဲ့က အဆိုပါ လေယာဉ်ဆီများကို ဒီဇယ်ဆီအဖြစ် အမည်ပြောင်းလဲကာ သွင်းကုန်စာရွက်စာတမ်း ထုတ်ပေးရန် သဘောတူခဲ့ကြောင်း Justice for Myanmar (JFM) အဖွဲ့မှ ရရှိထားသည့် လျှို့ဝှက်စာရွက်စာတမ်းများတွင်လည်း ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်တန့်စေရန် ရည်ရွယ်၍ စစ်အုပ်စု၏ လေယာဉ်ဆီတင်သွင်းမှု လုပ်ငန်းများကို ၂၀၂၃ ခုနှစ်ကတည်းက ပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့သည်။
သို့သော် ယခုကဲ့သို့ အီရန်မှ လေယာဉ်ဆီများ ဆက်လက် စီးဝင်နေခြင်းက စစ်အုပ်စုကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အသက်ရှူပေါက် ရစေဆဲဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။