အိန္ဒိယကာကွယ်ရေးဌာနက ဒေါ်လာ ၂၂ ဘီလီယံဖိုး လက်နက်ဝယ်ယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

အိန္ဒိယအစိုးရသည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက်များ ဝယ်ယူရေးအစီအစဉ်ကို အတည်ပြုလိုက်ပြီး၊ ဥရောပသို့ စစ်လက်နက်အများဆုံး တင်ပို့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။

အိန္ဒိယ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ကောင်စီသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၇ ဘီလီယံ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ဝယ်ယူမှု အစီအစဉ်ကြီးကို မူအားဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝယ်ယူမှု စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း အိန္ဒိယ စက်မှုလုပ်ငန်းများထံမှသာ ဝယ်ယူထုတ်လုပ်သွားမည် ဖြစ်သည်။

ဝယ်ယူမည့် လက်နက်ပစ္စည်းများတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ဒရုန်းဖျက်စနစ်များ၊ တိုက်ခိုက်ရေးဒရုန်းများ၊ ကြည်းတပ်နှင့် လေတပ်အတွက် ဟယ်လီကော်ပတာများ၊ စစ်သင်္ဘောများနှင့် ရှေ့တန်းစောင့်ကြည့်ရေး ရေဒါစနစ်များ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယ၏ စစ်လက်နက် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေး အတွင်းဝန် Rajesh Kumar Singh က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ လက်နက် ပြန်လည်တပ်ဆင်ရေး အစီအစဉ်ကြောင့် ဥရောပနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လိုအပ်ချက် မြင့်တက်လာရာ အိန္ဒိယမှ ခဲယမ်းများ၊ လက်နက်ကြီးကျည်များနှင့် စစ်ဘက်သုံး ပစ္စည်း တင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အိန္ဒိယ၌ ကာကွယ်ရေးဆိုင်ရာ နိုင်ငံပိုင် ကုမ္ပဏီကြီး ၁၆ ခု၊ ပုဂ္ဂလိက လုပ်ငန်းကြီး ၈၄၀ ခန့်နှင့် အသေးစား လုပ်ငန်း ၁၇,၀၀၀ ခန့် ပါဝင်သည့် ထုတ်လုပ်ရေး ကွန်ရက် တည်ဆောက်ထားနိုင်ပြီ ဖြစ်သည်။

အိန္ဒိယအစိုးရသည် ပြည်တွင်းဖြစ် ထုတ်ကုန်များအပေါ်၌သာ သုံးစွဲရန် ပစ်မှတ်ထားပြီး၊ အရှေ့တောင်အာရှ အပါအဝင် နိုင်ငံတကာ စျေးကွက်များသို့ ထိုးဖောက်နိုင်ရန်နှင့် ‘Make in India’ မူဝါဒအောက်တွင် ဥရောပ ကုမ္ပဏီများနှင့် စစ်လက်နက်များ ပူးတွဲ ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိသည်။