အမေရိကန် ကင်ဆာ လူနာများ တရုတ်ပြည်အထိ ဆေးဝါးသစ် သွားဝယ်နေကြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
ကုသမှုခံယူ အမေရိကန်နိုင်ငံမှ ကင်ဆာဝေဒနာရှင်များသည် ထိရောက်သည့် ဆေးဝါးသစ်များ ရရှိရန်အတွက် တရုတ်နိုင်ငံအထိ သွားရောက် ဆေးကုသမှု ခံယူလျက် ရှိသည်။
နယူးယောက်မြို့တွင် နေထိုင်သော အသက် ၆၀ အရွယ် ကင်ဆာဝေဒနာရှင်တစ်ဦးအတွက် ကင်ဆာဆေးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်မပြုသေးသဖြင့် သားဖြစ်သူက ရှန်ဟိုင်းမြို့သို့ သွားရောက်၍ ဆေးဝယ်ယူခဲ့ရကြောင်း KFF ကျန်းမာရေး သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဆေးဝါးကြောင့် ကင်ဆာ ဝေဒနာရှင်၏ ဦးနှောက်အတွင်းအထိ ပျံ့နှံ့နေသည့် ကင်ဆာကျိတ်များကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် အမေရိကန် ဝေဒနာရှင် ၃၀ ထက်မနည်းသည် အလားတူ တရုတ်နိုင်ငံမှ ဆေးဝါးဝယ်ယူခြင်း သို့မဟုတ် တရုတ်နိုင်ငံ၌ ပြုလုပ်သည့် ဆေးဝါးစမ်းသပ်မှုများတွင် သွားရောက် ပါဝင်လျက် ရှိသည်။
အလားတူ အဖြစ်အပျက်များကို South China Morning Post သတင်းတွင်လည်း ဖော်ပြထားသည်။
ယခင်က တရုတ်နိုင်ငံသည် ဆေးဝါး ကုန်ကြမ်း ထုတ်လုပ်သည့် နိုင်ငံအဖြစ်သာ လူသိများခဲ့သော်လည်း ယခုအခါ ဇီဝနည်းပညာ (Biotech) ကဏ္ဍတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စမ်းသပ်ခဲ့သည့် ဆေးဝါးသစ်များ၏ ၄၆ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံမှ ဖြစ်လာခဲ့သည်။
ယခု အခြေအနေအပေါ် အမေရိကန် နိုင်ငံရေးသမားအချို့က တရုတ်နိုင်ငံအပေါ် ဆေးဝါး မှီခိုမှု ပိုမို များပြားလာမည်ကို စိုးရိမ်လျက်ရှိပြီး အမေရိကန် FDA ၏ ဆေးဝါးစိစစ် စမ်းသပ်မှုများကို ပိုမို မြန်ဆန်အောင် လုပ်ဆောင်ရန် ကြိုးပမ်းလျက် ရှိသည်။
သို့သော် ကင်ဆာဝေဒနာရှင်များနှင့် ကင်ဆာတိုက်ဖျက်ရေး အဖွဲ့အစည်းများကမူ ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် နိုင်ငံရေး နယ်နိမိတ် မရှိသဖြင့် လူ့အသက်ကို ကယ်တင်နိုင်ရန် မည်သည့်နေရာတွင်မဆို ရှိသည့် နည်းပညာသစ်များကို ရယူသွားမည်ဟု ထုတ်ဖော် ပြောဆိုထားကြသည်။