ရခိုင်သွေးနှောသူ ရည်မွန်မြတ် ဂျပန် Professional League ဘော်လီဘောပွဲတွင် အကောင်းဆုံးဆုရရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။  

ဂျပန်နိုင်ငံ၏ ထိပ်တန်း အမျိုးသမီး ကြေးစားအဆင့် ဘော်လီဘောလိဂ် (SV.League) တွင် ရခိုင်သွေးနှောသည့် ကစားသမား ရည်မွန်မြတ် (Yee Mon Myat) အား တစ်ပတ်တာ၏ အကောင်းဆုံး အားကစား သမားဆု (Most Valuable Player – MVP) ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Denso Airybees အသင်းအတွက် လက်စွမ်းပြနေသည့် ရည်မွန်မြတ်သည် အသင်းအား နိုင်ပွဲဆက်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Denso Airybees အသင်းနှင့် Saitama Ageo Medics အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် ရည်မွန်မြတ်သည် အပြင်ဘက် တိုက်စစ်မှူး (Outside Hitter) နေရာမှ အဓိက လက်စွမ်းပြခဲ့သည်။

အကြိတ်အနယ် ရှိခဲ့သည့် ၃ ပွဲ – ၂ ပွဲ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်၌ အသင်းအတွက် အမှတ်အများဆုံးအဖြစ် ၂၅ မှတ်မှ ၂၈ မှတ်အထိ ရယူပေးကာ အသင်း၏ နိုင်ပွဲများအတွက် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ် အားကစားသမား ရည်မွန်မြတ်ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။

သူသည် မြန်မာနိုင်ငံ အမျိုးသား ဘော်လီဘော လက်ရွေးစင် ကစားသမားဟောင်း ဦးမောင်မြတ်သူ၏ သမီးဖြစ်ကာ လက်ရှိတွင် Denso Airybees အသင်း၌ ကျောနံပါတ် (၁၇) ဝတ်ဆင်၍ အဓိက တိုက်စစ်မှူးအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

အထက်တန်းကျောင်းသား ဘဝကတည်းက ဂျပန် တနိုင်ငံလုံး အထက်တန်းကျောင်းများ ဘော်လီဘော ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထူးချွန် ကစားသမားဆု ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်သည်။