မြန်မာစစ်ခေါင်းဆောင်များအား စစ်ရာဇဝတ်မှုများအပေါ် တီမောတရားရုံး၌ တရားစွဲဆိုမှု စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

မြန်မာနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား စစ်ရာဇဝတ်မှုများဖြင့် အရေးယူရန် တီမောလက်စ်တေးနိုင်ငံ (Timor-Leste) တရားရုံး၌ ဥပဒေကြောင်းအရ စတင်ဆောင်ရွက်လျက်ရှိသည်။ 

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲကို စစ်ဆေးရန်အတွက် တီမောအစိုးရက အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း CHRO နှင့် မြန်မာနိုင်ငံ တာဝန်ခံမှုရှိရေး စီမံကိန်း (MAP) တို့က ထုတ်ပြန်ခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်က တီမောပြည်သူများသည်လည်း လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း အလားတူ ခါးသီးသောနှိပ်စက်မှုများ ခံစားခဲ့ရဖူးသဖြင့် မြန်မာပြည်သူများနှင့် ထပ်တူခံစားရကာ ယခုကဲ့သို့ တရားမျှတမှုအတွက် ဆောင်ရွက်ပေးခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ 

တရားရုံးသို့ တင်သွင်းထားသော သက်သေများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့၌ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ကလေးငယ်များနှင့် သတင်းထောက်များကို သတ်ဖြတ်ခြင်း၊ ဘာသာရေးခေါင်းဆောင်များအား သတ်ဖြတ်ခြင်းနှင့် ဆေးရုံ၊ ဘုရားကျောင်းများကို လေကြောင်းမှ ဗုံးကြဲခြင်းဆိုင်ရာ အထောက်အထားများ ပါဝင်သည်။

တီမောနိုင်ငံသည် နိုင်ငံတကာတွင် ဖြစ်ပွားသည့် ကြီးလေးသောပြစ်မှုများကို မိမိနိုင်ငံတရားရုံး၌ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ပြဌာန်းထားသည့် နိုင်ငံဖြစ်သည်။ 

လက်ရှိတွင် မြန်မာစစ်ခေါင်းဆောင်များသည် ICJ၊ ICC တို့အပြင် အာဂျင်တီးနား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့တွင်လည်း တရားစွဲဆိုခံထားရသည်။