မြန်မာစစ်အုပ်စုခေါင်းဆောင် ထိုင်းနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
မြန်မာစစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံအစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ ယနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်အရ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့ထားမှုများ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ပဓာနထား ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း မြန်မာကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်အများအပြားလည်း လိုက်ပါလာပြီး ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) အများအပြား လက်မှတ်ရေးထိုးရန် ရှိကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ထို့အပြင် ဘန်ကောက်မြို့ Queen Sirikit Convention Center ၌ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းမှ ဦးစီးကျင်းပသည့် “ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” ကိုလည်း အချိန်ကိုက် ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် အဖွဲ့က ကြေညာထားသည်။
အဆိုပါ စီးပွားရေးဖိုရမ်သို့ စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် တို့ တက်ရောက် အမှာစကား ပြောကြားမည်ဟု Khaosod သတင်းတွင် ဖော်ပြထားသည်။
မနေ့ကလည်း စစ်အုပ်စုခေါင်းဆောင်ကို ကြိုဆိုမည့် အခမ်းအနား ပြင်ဆင်မှုများကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေသည်ကို ထိုင်းသတင်းများ၌ တွေ့ရှိရသည်။
စစ်အုပ်စုခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာလှုပ်ရှားတက်ကြွသူများက ပြင်းထန်စွာ ကန့်ကွက်ထားကြပြီး ရိုဟင်ဂျာ အဖွဲ့အစည်းတစ်ခုကမူ စစ်အုပ်စုခေါင်းဆောင်အား ဖမ်းဆီး၍ ဝရမ်းထုတ်ထားသည့် အာဂျင်တီးနားတရားရုံးသို့ လွှဲပြောင်းပေးရန် ထိုင်းအစိုးရကို တောင်းဆိုထားသည်။
လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းကလည်း မြန်မာစစ်အုပ်စုနှင့် ထိုင်းနိုင်ငံ၏ PTTEP စွမ်းအင်ကုမ္ပဏီတို့အကြား သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်။