ဦးမင်းအောင်လှိုင် အိန္ဒိယ သွားမည်ဟု သတင်းများ ထွက်ပေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။ 

စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဟု Zee Media Corporation Ltd ရဲ့ WION သတင်းဌာနက ဖော်ပြလိုက်သည်။ 

စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် လာမည့်လတွင် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ဤခရီးစဉ် ပြင်ဆင်မှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

ခရီးစဉ်ကို အတိအကျ ကြေညာခြင်းမရှိသေးသော်လည်း လာမည့် ဇွန်လအတွင်းတွင် ဖြစ်မည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

အာဆီယံ၏ လက်ခံမှုကို အပြည့်အဝ မရရှိသည့် ဦးမင်းအောင်လှိုင် စစ်အုပ်စုသည် နိုင်ငံတကာ ဆက်ဆံရေးကို အိန္ဒိယဘက်သို့ မျက်နှာ မူလိုက်ခြင်းလည်း ဖြစ်သည်။ 

ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဦးမင်းအောင်လှိုင်၏ ကတိသစ္စာပြုပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကီရ်တီ ဗာဓန် ဆင်းဂ် (Kirti Vardhan Singh) တက်ရောက်ခဲ့သည်။ 

အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးသည် သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည့်အပြင် နေပြည်တော်တွင် အိန္ဒိယနိုင်ငံက ရန်ပုံငွေပံ့ပိုးမည့် ကျောင်းစီမံကိန်းတစ်ခုအတွက် နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

မကြာသေးမီလများအတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် သံတမန်ရေးရာ ဆက်ဆံရေးများကို တွေ့မြင်ရသည်။ 

မေလဆန်းပိုင်းကလည်း အိန္ဒိယရေတပ်ဦးစီးချုပ် အဒ်မီရယ် ဒိနက်ရှ် ကုမား ထရီပါသီ (Admiral Dinesh Kumar Tripathi) သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ၎င်းသည် နှစ်ပေါင်းများစွာအတွင်း အိန္ဒိယရေတပ်ဦးစီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာခဲ့သည်။ 

၎င်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ရေကြောင်းလုံခြုံရေး၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးခဲ့သည်။

ယခုခရီးစဉ် သွားရောက်မည့် ရက်စွဲအတိအကျနှင့် အသေးစိတ် ဆွေးနွေးမည့် အစီအစဉ် (Agenda) များကိုမူ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။