ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ကိုယ်စားလှယ် တွေ့ဆုံဟု စစ်တပ်ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုဘက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လိုက်သည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ဖေ့ဘွတ်စာမျက်နှာ ဖြစ်သော Myanmar Presidential Spokesperson တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်” ဟု Myanmar Presidential Spokesperson ၏ လူမှုကွန်ရက် စာမျက်နှာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။
သို့သော်လည်း ထိုကဲ့သို့ တွေ့ဆုံခဲ့ကြသည်ဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဘက်မှမူ ယခုတွေ့ဆုံမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ထား ခြင်းမျိုး မရှိသေးပေ။
Myanmar Presidential Spokesperson ၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်လာသည့် ဓာတ်ပုံလေးပုံ အနက် မွေးနေ့ကိတ်ပါရှိသည့်ပုံတွင် ဖော်ပြထားသော မွေးနေ့ရက်စွဲမှာ ‘၁၉’ လား၊ ‘၂၉’ လားဆိုသည်မှာ မသဲကွဲ ဘဲ ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။
အလားတူ စစ်တပ်ဘက်က ထုတ်ပြန်လာသည့် ဓါတ်ပုံ လေးပုံ အနက် မွေးနေ့ကိတ်ခွဲနေသည့် ပုံပါ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသည့် “အင်္ကျီ” မှာ အခြား တွေ့ဆုံသည့် ပုံများတွင် ဝတ်ဆင်ထားသော အင်္ကျီနှင့် ကွဲပြား ခြားနားနေသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် မည်သည့်နေရာတွင် ပြုလုပ်ခဲ့သည်၊ မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်နှင့် တွေ့ဆုံချိန် မည်မျှကြာမြင့်ခဲ့သည် စသည့် အသေးစိတ်အချက်အလက်များကိုလည်း စစ်တပ်ဘက်က ဆက်လက် ဖုံးကွယ် ထားဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစတင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယခုအခါ ရက်ပေါင်း ၂,၀၀၀ ကျော် ကြာမြင့်လာပြီ ဖြစ် သည်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးကာ ရက်ပေါင်း ၂,၀၀၀ ကျော် ကြာသည့်တိုင် မိသားစုဝင်များနှင့်သာမက ပြင်ပကမ္ဘာနှင့်ပါ တွေ့ဆုံဆက်သွယ်ခွင့် မပေးဘဲ ဖုံးကွယ်ထားတယ် ဟု သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က ပြောဆိုထားသည်။
သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) “မေမေ့ကို ရက်ပေါင်း ၂၀၀၀ ကျော် မိသားစုနဲ့ကော ကမ္ဘာကြီးနဲ့ပါ ပေး မတွေ့ဘဲ ဖုံးကွယ်ထားပါတယ်။ မေမေ ဘယ်မှာရှိလဲဆိုတာ ကျနော် မသိရသေးပါဘူး။ မေမေ့ရဲ့အခြေအနေကို မသိရသေးပါဘူး။ အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို စစ်အာဏာရှင်တွေ ဘာကြောင့် ဖွက် ထားရတာလဲ။ သားတစ် ယောက်က သူ့မိခင်နဲ့ ဘာလို့ စကားမပြောခွင့်မရတာလဲ။ သက်ရှိထင်ရှား ရှိနေသေး တယ်ဆိုတာကို လွတ်လပ်စွာအတည်ပြုထားတဲ့ အထောက်အထားတစ်ခုတောင်မှ မရရှိသေးတာလဲ” ဟု ပြော သည်။
ထို့ပြင် မိခင်ဖြစ်သူ အသက်ရှင်နေဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်သည့် သက် သေ အထောက်အထား တစ်စုံတစ်ရာကို ယနေ့အချိန်အထိ မရရှိသေးကြောင်းကိုလည်း သားဖြစ်သူ ကင်မ်အဲရစ် က လူမှုကွန်ရက်မှတစ်ဆင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောဆိုထာသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က ပုဒ်မမျိုးစုံ တပ်ဆင်ကာ မတရားအမှုဆင် အပြစ်ပေးထား ခြင်းကြောင့် ထောင်ဒဏ်နှစ်ရှည်များစွာ ချမှတ်ခံထားရဆဲဖြစ်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက် နေချိန် ယခုကဲ့သို့ စစ်တပ်ဘက်က ICRC ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံမှုအား ထုတ်ပြန်လာခြင်း ဖြစ်သည်။