စစ်အသွင်ပြောင်း သမ္မတက နိုင်ငံတော် သမ္မတအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်။ 

မြန်မာနှစ်ဆန်း (၁) ရက်၊ ယနေ့တွင် ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်အားလုံးမှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်တပ်ဘက်က တရားဝင် ထုတ်ပြန်လိုက်သည်။

ယနေ့ ထုတ်ပြန်သည့် စစ်အသွင်ပြောင်း အစိုးရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၂ / ၂၀၂၆ အရ တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော သမ္မတဦးဝင်းမြင့်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကျန်ရှိနေသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

အဆိုပါ လွတ်ငြိမ်းခွင့်အမိန့်တွင် သမ္မတဦးဝင်းမြင့် အနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးခဲ့သည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းချက်ပါဝင်ပြီး စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

သမ္မတဦးဝင်းမြင့်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ အာဏာသိမ်းမှုစတင်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး စစ်အုပ်စု၏ မတရားစွပ်စွဲချက်များဖြစ်သော အဂတိမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မ ၁၃၀(က) အပါအဝင် အမှုပေါင်းများစွာဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်အထိ ချမှတ်ခံခဲ့ရသူဖြစ်သည်။

သမ္မတဦးဝင်းမြင့် လွတ်မြောက်လာသည့် သတင်းများနှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားရှိမည်ဆိုသည့် သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်။ 

အဆိုပါ သတင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အချို့နှင့် ရှေ့နေများသည် နေပြည်တော်သို့ သွားရောက်နေကြပြီဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့မည်ဟူသော သတင်းများကြောင့် လူကိုယ်တိုင် တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရှေ့နေများလည်း နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အတည်ပြုပြောဆိုထား သည်။

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ ရက်ပေါင်း ၁,၉၀၀ ကျော် ရှိလာပြီဖြစ်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စု၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး အချို့ က သွားရောက်တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းများကြောင့် ယခုနှစ်ဆန်း ၁ ရက်တွင် ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးအရ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

လက်ရှိတွင် စစ်အုပ်စုသည် စစ်ရေးအရ အရှုံးများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးထွက်ပေါက်အဖြစ် ယခု ကဲ့သို့ အပြောင်းအလဲအချို့ကို ဖန်တီးလာခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသော် လည်း၊ သမ္မတဦးဝင်းမြင့်၏ လွတ်မြောက်လာပြီးနောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက် များကိုမူ ဆက်လက်စောင့်ကြည့်နေရဆဲ ဖြစ်သည်။