နိုင်ကျဉ်းများ အသက်အန္တရာယ် စိုးရိမ်ရဟု NUG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

နိုင်ငံတဝှမ်းက အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး၏ ကျန်းမာရေးနှင့် အသက် အန္တရာယ်မှာ အထူးစိုးရိမ်နေရဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံနေရသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် နိုင်ကျဉ်းအားလုံး၏ ကျန်းမာရေး အခြေအနေနှင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်သည်ဟု NUG က ဆိုသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းဘတ်က နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်တို့ဟာလည်း အကြမ်းဖက် စစ်တပ်ရဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိမနေကြတာကြောင့် ဒီနိုင်ငံ ခေါင်း ဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ အနေနဲ့ အထူးပင် စိုးရိမ်မကင်း ဖြစ်မိပါတယ် ဟု ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ် ၌ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇွန်လ ၂၇ ရက်နေ့က မန္တလေး အိုးဘိုထောင်အတွင်း မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် အချိန်မှီ ဆေးကုသခွင့် မရသောကြောင့် သေဆုံးခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများသည် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိမှုနှင့် ဖိနှိပ်မှုများကြောင့် မသေဆုံးသင့်ဘဲ အသက် ဆုံးရှုံးနေကြရသည် ဟု ဦးနေဘုန်းလတ်က ဆိုသည်။

အိုးဘိုထောင်တစ်ခု တည်းမှာပင် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါ အဝင် နိုင်ငံရေး အကျဉ်းသား ၃ ဦး ဆက်တိုက် သေဆုံးခဲ့သည်။ 

ထို့အပြင် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းငလျင်အပြင် ဆေးကုသမှု အချိန်မှီမရဘဲ နှောင့်နှေးမှုများကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား အ ယောက် ၅၀ ဦးကျော် ရှိခဲ့သည်။

အဆိုပါ အသက်ဆုံးရှုံးမှုများ အတွက် အကျဉ်းထောင်အတွင်း တာဝန်ရှိသူများ အနေဖြင့် တာဝန်ယူ တာဝန်ခံ ရမည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

အကြမ်းဖက် စစ်အုပ်စုရဲ့ လက်အောက်ခံ အကျဉ်းထောင်တွေက အကျဉ်းဦးစီး အရာရှိတွေနဲ့ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ရက်စက်စွာ ပြုမူ ဖိနှိပ်နေတဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူ တာဝန် ခံ ကြရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 

ထို့အပြင် စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့သည့်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသော အခြေအနေ ရှိနေကြောင်း Suu Foundation က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး အခြေပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တွင် ထိခိုက် ပျက်စီးမှု များပြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ထားသည့် ထောင် အဆောက်အအုံမှာ ပျက်စီးခဲ့ ကာ ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Suu Foundation က ထုတ်ပြန်ထားသည်။