ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကဗျာရွတ်သော နိုင်ကျဉ်းများ တိုက်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကဗျာရွတ်ဖတ် ဂုဏ်ပြုကြသည့် နိုင်ကျဉ်းများ ရိုက်နှက် တိုက်ပိတ်ခံထားရ သည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းများကို ထောင်အာဏာပိုင်များနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ရိုက်နှက်၍ တိုက်ပိတ်ထားကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM) က ထုတ်ပြန်သည်။
PPNM ဦးဆောင် ကော်မတီဝင်ဖြစ်သူ မရောင်နီလင်းက “မြင်းခြံထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ကဗျာ ရွတ်ဖတ်ခဲ့တယ်ပေါ့နော်။ ကဗျာရွတ်ဖတ်ခဲ့မှု အပေါ်မှာ ချက်ချင်းပဲ အဲဒီ လူတွေကို ထုတ်တယ်။ ထုတ် ပြီးတော့ ရိုက်နှက်တယ်။ တချို့လူတွေကိုတော့ ခြေကျင်းခတ်ပြီးတော့ တိုက်ပိတ်ခဲ့တယ်။ ရိုက်နှက်ပြီးတော့ နေပူ လှန်းသေးတယ်ပေါ့နော်။ ၂ ရက်လောက် နေပူခေါ်လှန်းပြီးမှပဲ ခြေကျင်းခတ်ပြီးတော့ တိုက်ပိတ်တာမျိုး တွေ လုပ်ခဲ့တယ်ပေါ့” ဟု ပြောသည်။
ဇွန်လ ၁၉ ရက်နေ့၌ ကျရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကဗျာရွတ်ဖတ် ဂုဏ်ပြုခဲ့သဖြင့် ရိုက်နှက်တိုက်ပိတ် ခံထားရခြင်း ဖြစ်သည်။
ဇူလိုင်လ ၂ ရက်နေ့ အထိ တိုက်ပိတ်ခံထားရသည့် နိုင်ကျဉ်းများအား ဆေးကုသခွင့် မပေးဘဲ ထောင်ဝင်စာနှင့် ပါဆယ်များလည်း ပိတ်ထားသဖြင့် အကူညီများ လိုအပ်နေကြသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြော သည်။
အဆိုပါ ဖြစ်စဉ်မှာ ထောင်စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခြင်း၊ ထောင်၏ လုံခြုံရေး ပေါက်ကြားသည့် ကိစ္စရပ်များ မဟုတ်သဖြင့် တိုက်ပိတ်သည့် ပြစ်ဒဏ်အား လက်မခံနိုင်ဟု PPNM တာဝန်ရှိသူများက ဆို သည်။
မရောင်နီလင်းက “မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျည်းသားများ ကွန်ယက်အနေနဲ့ ဒီလိုမျိုး ကဗျာလေး ဖတ်ရုံမျှနဲ့ပေါ့နော်။ လူအခွင့်ရေး ချိုးဖောက်နေတဲ့ အကစဝန်ထမ်းတွေ၊ အာဏာပိုင်တွေပေါ့နော် ကျနော်တို့ လူအခွင့်ရေး ပြန်လည်ရရှိတဲ့ အချိန်မှာ တရားမျှတမှု ပြန်လည် ရရှိရန်အတွက် ကြိုးစားအားထုတ်သွား ပါမယ် ရှင့်။ ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု ဆက်ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ မန္တလေးတိုင်း၊ အိုးဘိုထောင်သို့ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀၀ ခန့်မှာ ဇွန် ၁၂ ရက်နေ့တွင် ရိုက်နှက်ခံခဲ့ရပြီး ရိုက်နှက်ခံရသူများအတွင်း မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်မှာ သွေးထွက်လွန်မှုကြောင့် သတိလစ်သွားခဲ့သည်။
အလားတူ မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော အကျဉ်းထောင်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၌ ကမ်ပိန်း ပြုလုပ်သူများ၊ ကဗျာရွတ်ဖတ်သူများ၊ သံချပ်ထိုးသူများကိုလည်း ဖိနှိပ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ထောင်နှင့် နီးစပ်သူများက ဆိုကြသည်။