ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေ ဆက်လက်တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်၌ ပြစ်ဒဏ်ဆက်ခံရန် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း စစ်အုပ်စုက ကြေညာခဲ့သော်လည်း ယင်းသည် နိုင်ငံတကာကို လှည့်ဖြားသည့် နိုင်ငံရေးလှည့်ကွက်သာ ဖြစ်ပြီး မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် သားဖြစ်သူနှင့် တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်သည်။

စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်မှ သတ်မှတ်ထားသည့် နေအိမ် တစ်နေရာသို့ ရွှေ့ပြောင်းလိုက်ကြောင်းနှင့် ထောင်ဒဏ်အချို့ လျှော့ပေါ့ပေးကြောင်း ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံဗီဒီယို သို့မဟုတ် ပြောကြားချက်များ လုံးဝ ပါဝင်ခြင်းမရှိဘဲ အတည်မပြုနိုင်သည့် ဓာတ်ပုံတစ်ပုံကိုသာ အသုံးပြုခဲ့သောကြောင့် အများပြည်သူအကြား သံသယများ မြင့်တက်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “နေအိမ်အကျယ်ချုပ်ပြောင်းပြီး သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းတယ်ဆိုတဲ့အကြောင်း စစ်အုပ်စုဘက် က ဓါတ်ပုံတပုံထုတ်ပြလာပါတယ်။ အဲဒီ့ဓါတ်ပုံဟာ ယခုလက်ရှိကာလ ရိုက်ထားတဲ့ ပုံ ဟုတ် မဟုတ်၅၄ နေအိမ်ကိုလည်း ပြန်လည်ရောက်ရှိခြင်း မရှိတဲ့အတွက် ဘယ်မှာတကယ်ရှိနေတာလဲ စတဲ့ အချက်တွေကို ကျနော်တို့ စိစစ်ဖို့လိုပါဦးမယ် ဟု ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ယခုလုပ်ရပ်သည် နေအိမ်အကျယ်ချုပ်မဟုတ်ဘဲ နိုင်ငံတကာကို လှည့်ဖြားရန် ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားခြင်းသာ ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဦးထိန်လင်း (ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက် ခံထားရဆဲ ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။

သူမကို ရွှေ့ပြောင်းခြင်းက လွှတ်ပေးခြင်း မဟုတ်ပါဘူး။ ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိုင်တဲ့ နေရာ တစ်ခု ကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။ သား တစ်ယောက်အနေနဲ့ ကျနော့်မှာ ဘာသတင်းအချက်အလက်မှ မရရှိသေးပါဘူး။ ကျနော်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ မေမေ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက်အလက်၊ သူမနဲ့ ဆက်သွယ်နိုင်ခွင့်၊ နဲ့ သူမ လွတ်မြောက်ရေးပါ။ အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေပြပါ။”

သို့သော် ရိုက်တာ (Reuters) သတင်းဌာန၏ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေ အဖွဲ့နှင့် လာမည့် မေလ ၃ ရက်နေ့ (ယခုသီတင်းပတ်ကုန်) တွင် တွေ့ဆုံခွင့်ရမည်ဟု သိရသည်။

ရှေ့နေအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နေပြည်တော်၌ပင် ရှိနေသေးပြီး ယခုတွေ့ဆုံမှုသည် ပုံမှန်ထောင်ဝင်စာတွေ့ခြင်းမျိုး မဟုတ်ဘဲ အရေးကြီးကိစ္စရပ်များ ဆွေးနွေးရန် ရှိကြောင်း သိရသည်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မတရား စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရကာ၊ နောက်ပိုင်းတွင် ပြစ်ဒဏ်အချို့ လျှော့ပေါ့ပေးခဲ့သော်လည်း ယနေ့ထက်တိုင် မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် မရရှိသေးပေ။

နိုင်ငံတကာ အသိုက်အဝန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြသည်။