ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြရန် စစ်ကော်မရှင်ကို သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က ၎င်း၏ မိခင် ကျန်းမာရေး ကောင်းမွန်နေကြောင်း သက်သေပြရန် စစ်ကော်မရှင် အား တောင်းဆိုလိုက်သည်။

စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွား နေသည်ဟူသော သတင်းများသည် မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီးနောက် ကိုထိန်လင်း က လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

ကိုထိန်လင်းက စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မေမေ နေမကောင်းဘူးဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေး အခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျနော် တောင်းဆိုပါတယ် ဟု ပြောသည်။

စက်တင်ဘာလ အစောပိုင်းတွင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ နုလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုဆိုးလာနေပြီး အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း သားဖြစ်သူ ကိုထိန်လင်းက ထုတ်ဖော်ပြောဆိုခဲ့ သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းကျနေသည့် အချိန်ကာလအတွင်း လုံလောက်သော ဆေးဝါးကုသမှု မရသည့်အပြင် အခြေခံ လူ့အခွင့်အရေးများလည်း ဆုံးရှုံးနေကြောင်း ကိုထိန်လင်းက ထောက်ပြသည်။ 

လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည့် မိခင်သည် အကျဉ်းထောင်တွင်း သေဆုံးမှုမျိုးနှင့် မရင်ဆိုင်သင့်ကြောင်းလည်း ၎င်းက ပြောသည်။

ကိုထိန်လင်းက အသက် ၈၀ အရွယ် ကျနော် မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင် အခြေအနေ တွေက မေမေ့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာပါ။ မေမေဟာ သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ကို ပိတ်ဆို့ခံနေရပါတယ်။ မြန်မာပြည်သူတွေ၊ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတစ်ဝန်းက မေမေ့အကြောင်း သိ လိုသူတွေဟာ မေမေရဲ့ အမှန်တကယ် အခြေအနေကို သိခွင့်ရှိတယ်။ မေမေ့မှာလည်း အမှန်တရား၊ လွတ်လပ် ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ် ဟု ဆက် ပြောသည်။

မိခင်ကြီးက နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ မည်သည့် နေရာတွင် ထိန်းသိမ်းခံရသည်ကိုပင် မသိရသေးဘူးဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်တပ်က နှစ်ပေါင်း ၂၀ ကျော် ထောင်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။ 

သားငယ်ဖြစ်သူ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးဖို့အပြင် ဆေးကုသခွင့်ပေးဖို့ကို တောင်းဆိုထားသည်။

အလားတူ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကင်မ်အဲရစ်နှင့် ယခုလ ၆ ရက်နေ့တွင် အွန်လိုင်း၌တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မကြာသေးမီက ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း William Hague ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး နှင့် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများ ၏ ဖိအားပေးမှုများ ဆက်လက်မြင့်တက်နေသည်။