ဝက်လက်ကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက် လုပ်ခဲ့ရာ ကလေး အပါအဝင် အရပ်သားများ သေဆုံးခဲ့သည်။
စက်တင်ဘာလ ၁၀ ရက်နေ့နှင့် စက်တင်ဘာလ ၉ ရက်နေ့ နှစ်ရက်ဆက်တိုက် ဝက်လက်မြို့ နယ်ထဲ စစ်တပ်က လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ကျေးရွာက စာသင်ကျောင်းကို တံတားဦးဘက်မှ တက်လာသည့် J-Frighter ဖြင့် ပေါင် ၃၀၀ ဗုံးဖြင့် ကြဲခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင် သတင်းအရင်းအမြစ်က “ဒီနေ့မှာ ပေါင် ၃၀၀ ဗုံသီး သုံးပြီး ဗုံးကြဲခဲ့ပါတယ်။ သစ်ဆိပ့် ရွာ စာသင်ကျောင်းထဲကို တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ၁၂ ကျော် လောက်မှာ ကြဲသွားတာပါ။ ပေါင် ၃၀၀ ဗုံသီးနဲ့ လေကြောင်းကနေ တစ်ကြိမ်ကြဲခဲ့တယ်လို့ သတင်းရထား တယ်။ အဲ့မှာက တိုက်ပွဲ ဖြစ်တာမျိုး မရှိဘူးဗျ” ဟု ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ်ထဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ကလေး ၁ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network (ဝက်လက် သတင်းကွန်ရက်) က ထုတ်ပြန်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုထဲ အရပ်သား ၁၃ ဦးလည်း ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ်သင်္ဘောများကို ခြံရံပြီး ပျံသန်းနေသည့် Y-12 လေယာဉ်က သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နဘဲပင်လှနှင့် တပ်သာကျေးရွာတို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။