တိုက်ပွဲမရှိဘဲ ဝက်လက်ကို စစ်အုပ်စုတပ် ဗုံးကြဲ၍ အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းအချက် အလက်ကွန်ရက် (Wetlet Information Network) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတို့က ပြောသည်။
ဝက်လက်မြို့နယ် အနောက်ခြမ်း၊ ရွာသာကြီးနှင့် လှတောကျေးရွာအနီးတစ်ဝိုက်ရှိ မဲကုန်း၊ ဥယျာဉ်မ၊ ရေထွက်နှင့် ကျီးကန်မြောက်ရွာ စသည့် ကျေးရွာ ၄ ရွာကို အောက်တိုဘာလ ၁၂ ရက် နံနက် ၃ နာရီမှ ၄ နာရီခွဲအထိ တစ်နာရီ ခွဲကြာ လေကြောင်းမှ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဝက်လက်ဒေသအတွင်း စစ်ဘေးတိန်းရှောင်နေရသူ အမျိုးသားတစ်ဦးက “အဲ့လို ဗုံးခိုကျင်းတွေက သိပ်မလုပ် ကြဘူး။ ပကဖတွေဖက်က နည်းနည်းပါးပါး လုပ်တာတော့ ရှိတယ်။ အသံကြားရင် ပြေးပုန်းကြတယ်။ လွတ် ရာရှာပြီးတော့ပေါ့။ အခုတလော ဝက်လက်ဘက်က ဝေဟင် စိပ်တယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်က တံတားဦးလေတပ်မှ တက်လာသည့် Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးသီး ၃၅ လုံးအထိ ၁၃ ကြိမ် တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးကုသမှု ခံယူနေ စဉ် အတွင်း ထပ်မံ သေဆုံးခဲ့ရသည်။ သေဆုံးသူ ၄ ဦးလုံးမှာ မဲကုန်းကျေးရွာမှ ဖြစ်သည်။
ထို့ပြင် ရေထွက်ရွာမှ ၄ ဦး၊ ဥယျာဉ်မရွာမှ ၁ ဦးနှင့် ကျီးကန်မြောက်ရွာမှ ၁ ဦးတို့ ဒဏ်ရာရရှိခဲ့သည့်အပြင် ကျန်ရှိသည့် ဒဏ်ရာရရှိသူ ၇ ဦးနှင့် နေအိမ် ပျက်စီးမှု အခြေအနေများကိုမူ လိုက်လံ စုံစမ်းနေဆဲ ဖြစ်သည်။
ဝက်လက်မြို့နယ် သတင်းအချက်အလက်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီနေ့မနက် Y12 နဲ့ လာကြဲ သွားတာပဲ ရှိတာ။ လောလောဆယ်မှာတော့ လက်နက်ကြီး ပစ်တာ မရှိဘူး။ အရင်နှစ်တွေကတော့ လှတောမှာ အထိုင်ချပြီးတော့မှ လူတွေရှိတဲ့ဖက်ကို လက်နက်ကြီး၊ လက်နက်ငယ် ပစ်တာမျိုးတွေတော့ ရှိတယ်။ လေ ကြောင်း ကာကွယ်ဖို့ကတော့ ပကဖတွေမေးမှ အဆင်ပြေမယ်ဗျာ့။ တချို့ရွာတွေတော့ ရပ်မိရပ်ဖတွေက ဗုံးခို ကျင်း လုပ်ကြဖို့ တိုက်တွန်းတာမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။
ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းတွင် ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာသည့် စစ်အုပ်စု၏ စစ်သင်္ဘော များက မကြာခဏ ပစ်ခတ်လေ့ရှိပြီး မြို့ပေါ်တွင်လည်း စစ်အုပ်စုတပ်များ တပ်စွဲထားသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ၊ Y-12 နှင့် ဆူဆိုက်ဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ မကြာခဏ ပစ်မှတ် ထား ဗုံးကြဲနေသဖြင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရသည်။
ဓါတ်ပုံ – (Wetlet Information Network / Crd)