စစ်မှုထမ်း စုဆောင်းရာတွင် လာဘ်ယူမှုဖြင့် အုပ်ချုပ်ရေးမှူး နှစ်ဦး ဖမ်းဆီး စစ်ဆေးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
စစ်မှုထမ်း စုဆောင်းရာတွင် လာဘ်ယူမှုဖြင့် ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးတွင် အုပ်ချုပ်ရေးမှူး ၂ ဦးအား ပြည်သူ့စစ်မှုထမ်း စုဆောင်းရေးဗဟိုမှ ဖမ်းဆီးစစ်ဆေးနေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ တို့အား စစ်မှုထမ်း ကင်းလွတ်ခွင့် ပေးမည်ဟုဆိုကာ သိန်း ၁၀၀ ကျပ် လာဘ်ယူခဲ့သည့်အတွက် မိသားစုဝင်များမှ တိုင်ကြားထားခြင်း ဖြစ်သည်။
ရွှေတောင်ရပ်ကွက်ရုံးနှင့် နီးစပ်သူ တစ်ဦးက “အုပ်ကြီးက သိန်းတစ်ရာပေးရင် စစ်မှုထမ်းလွတ်မယ်ဆိုပြီး တောင်းတာ။ တကယ်တမ်း ခေါ်တဲ့အခါမှ ပါသွားတော့ မကျေနပ်တော့ ရပ်စောက် ဗထူးတပ်ကို လှမ်းတိုင်တာ။ ဟိုကလည်း သူတို့ကိုင်လို့မရတော့ နေပြည်တော်တင်လိုက်တာ။ အခုတော့ နေပြည်တော် ပို့လိုက်ပြီ” ဟု ပြော သည်။
စစ်မှုထမ်း မဲပေါက်သည့် ကရင်နီ စစ်ဘေးရှောင် လူငယ်တစ်ဦးမှာ ဇွန်လအတွင်း တောင်ကြီးမြို့ ကံကြီးရပ်ကွက် တွင် တိမ်းရှောင်နေစဉ် အုပ်ချုပ်ရေးမှူး ၂ ဦးက သိန်း ၁၀၀ ကျပ် တောင်းခံ၍ အညီအမျှ ခွဲယူခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် မိသားစုဝင်များမှ တိုင်ကြားမှုကြောင့် တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးခဲ့ပြီးနောက် ယခု ဇူလိုင်လတွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ ဗဟိုသို့ ဆက်လက်ပို့ဆောင်ကာ စစ်ဆေးနေခြင်း ဖြစ်သည်။
စိန်ပန်းရပ်ကွက်အတွင်း နေထိုင်သည့် စစ်မှုထမ်းအကျုံးဝင်သူ တစ်ဦးက “မဲပေါက်တဲ့လူက ပေးစရာမရှိတော့ မြေကွက်ရောင်းပြီး ပေးလိုက်တာ။ အဲ့ဒါ Facebook မှာ တင်ကြတော့ ဟိုးလေးတကျော် ဖြစ်သေးတယ်။ သတင်းထွက်လို့ ဖမ်းတာတော့ မဟုတ်ပါဘူး။ ဖမ်းမယ်ဆိုရင် သတင်းထွက်နေတာက သန်းရွှေတစ်ယောက်ထဲ မဟုတ်ဘူးလေ။ တိုင်ပြီး တော်တော်ကြာတော့မှ ခေါ်စစ်တာပါ” ဟု ပြောသည်။
စိန်ပန်းနှင့် ရွှေတောင်ရပ်ကွက်မှာ ခြံစည်းရိုးချင်း ထိစပ်လျက်ရှိပြီး အုပ်ချုပ်ရေးမှူး ၂ ဦးမှာလည်း ဆွေးမျိုး တော်စပ်သည်ဟု ပုဂ္ဂိုလ်ရေးအရ နီးစပ်သူများက ဆိုကြသည်။
ရွှေတောင်ရပ်ကွက်ရုံးနှင့် နီးစပ်သူ တစ်ဦးက “အရင်နှစ်ကလည်း လက်နက်မှောင်ခိုမှုနဲ့ ရဲက ခေါ်စစ်သေးတယ်။ သူတို့ချင်း လက်ဝါးရိုက်ထားတော့ ပြန်လွတ် လာတာ။ ရဲက အာရကေ (ပိုက်ဆံ) ဆို သိပ်ကြိုက်တာလေ။ ဒီတခါလည်း ပြန်လွတ်မယ် ထင်တယ်။ သူတို့ လူပဲလေ ထောင်မချလောက်ပါဘူး” ဟု ဆက်ပြောသည်။
ရွှေတောင်နှင့် စိန်ပန်းရပ်ကွက်တို့တွင် စစ်မှုထမ်းကြေးအတွက် အိမ်ထောင်စုတိုင်းမှ အနည်းဆုံး လစဉ် ၃ သောင်းကျပ် ထည့်ဝင်နေရပြီး မဲပေါက်သူများမှာ သိန်းဂဏန်းအထိ ပေးဆောင်နေရကြရသည်။
အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့၏ ပြည်နယ်ခေါင်းဆောင် ဖြစ်သည့် ဦးသန်းရွှေမှာ လက်ရှိ မြို့နယ် စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့နှင့် ဒေသတွင်း ပျူစောထီး ခေါင်းဆောင်လည်း ဖြစ်ပြီး တောင်ကြီးမြို့အတွင်း လက်နက် ကိုင်ဆောင်ခွင့် ရထားသည့် တစ်ဦးတည်းသော အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ဆိုကြသည်။
တောင်ကြီးမြို့က စိန်ပန်း၊ ရွှေတောင်နှင့် ရတနာသီရိရပ်ကွက်တို့၏ အုပ်ချုပ်ရေးမှူးများမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်ကတည်းက လာဘ်ပေးလာဘ်ယူမှု အများဆုံး နာမည်ဆိုးဖြင့် ကျော်ကြားသူများ ဖြစ်ကြသည်ဟု မြို့နေပြည်သူများက ပြောသည်။