စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးက အသက် ၇၀ ကျော် အမျိုးသမီးအား လင်ယောက်ျားရှေ့တွင် နှစ်ရက် ဆက်တိုက် မုဒိမ်းကျင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းတွင် အသက် ၇၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက ယောက်ျား ဖြစ်သူ ရှေ့တွင် နှစ်ရက်ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည်ဟု နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) က ပြောသည်။
ကညုံကျွန်းကျေးရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ထဲမှ တပ်ဖွဲ့ဝင်တစ်ဦးက အဆိုပါ အမျိုးသမီးကြီးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက “ဒီလောင်းလုံးမှာ ကျမတို့ အခြေစိုက်လှုပ်ရှား နေတဲ့အတွင်းမှာ ဒီလို ဖြစ်ရပ်မျိုးကတော့ ပထမဆုံးလို့ ပြောလို့ရတယ်ပေါ့နော်။ အဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော့ ကျမတို့ မှတ်တမ်း ပြုစုထားပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကိုပေါ့နော်” ဟု ပြော သည်။
ဇွန်လ ၁၄ ရက်နေ့မှ ကနေ ဇွန်လ ၂၄ ရက်နေ့ အထိ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ထဲမှ တပ်ဖွဲ့ဝင် တစ်ဦးက အမျိုးသမီးကြီးအား ခင်ပွန်းဖြစ်သူ၏ ရှေ့၌ နှစ်ရက်ဆက်တိုက် ငါးကြိမ်တိုင် မုဒိမ်းကျင့်ခဲ့သည်ဟု နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက ပြောသည်။
မုဒိမ်းကျင့်ခဲ့သည့် စစ်သားမှာ အသက် ၄၀ ကျော်အရွယ် ဖိုးချေ ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီးကို နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) က တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျန်းမာရေးမကောင်းသည့် ခင်ပွန်း ဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးသည်လည်း အသက်အရွယ် ကြီးပြီ ဖြစ်သဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းဝင်လာချိန်တွင် မတိမ်းရှောင်ဘဲ နေအိမ်၌ နေခဲ့သည့် အချိန်တွင် မုဒိမ်းပြုကျင့် ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီးကြီးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး အခြေ အနေများ ကျဆင်းလျက်ရှိပြီး အထူး ဂရုတစိုက်နှင့် စောင့်ရှောက်ရန် လိုအပ်နေသည်ဟု နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အခုချိန်မှာ သူကခန္ဓာကိုယ် အောက်ပိုင်းလည်း နာကျင် ကိုက်ခဲနေတယ်။ ပြီးရင်လည်း သူအားဆေးတွေရော ပိုးသတ်ဆေးတွေလည်း သောက်နေရတယ်။ ပြီးအမျိုးသမီး အင်္ဂါကနေလည်း သွေးတွေ ထွက်ထားတဲ့ခါကြ တော့ လမ်းကလည်း ပုံမှန် ကောင်းကောင်း မလျှောက်နိုင်တဲ့ အနေအထား ရှိနေတာဆိုတော့လေး မနေ့ညဆို သူက ဆေးကုသမှုခံယူနေတဲ့ အနေအထားရှိတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာကိစ္စက သူစစ်ကောင်စီကို အရမ်းကြောက်နေတဲ့ အနေအထားရှိတယ်။”
ပြည်သူများ အနေဖြင့် လက်ရှိ စစ်ကောင်စီ လက်ထက်တွင် တရားမျှတမှု ရရှိရန်အတွက် မည့်သည့်နေရာ၊ မည်သူမည်ဝါကို တောင်းဆိုရမည်ကိုပင် မသိကြသလို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ယနေ့အချိန်ထိ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးကုန်သည့်အပြင် တရားဥပဒေစိုးမိုးရေးလည်း မရှိတော့ဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကသာ ခြိမ်းခြောက်မှုများ၊ နိုင်ထက် စီးနင်းမှုများ အပြင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ကျူးလွန်လျှက်ရှိနေသည်။
နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက “ဖက်ဆစ် စစ်တပ်ဆိုတဲ့အတိုင်း သူတို့က ကျမတို့ ပြည်သူတွေအပေါ်မှာ နည်းမျိုးစုံနဲ့ အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး နည်းလမ်းတွေပဲ အသုံးပြု ပြီးတော့ ညှင်းပန်း နှိပ်စက်မယ် ဖိနှိပ်ချုပ်ချယ်မယ်၊ အနိုင်ကျင့်မယ် စော်ကားမယ် အဲ့လိုမျိုးပဲ သူတို့ လုပ်တယ် ပေါ့နော်။ အခုချိန်မှာ ကျမတို့အနေနဲ့ကတော့ ဘယ်နေ့ ဘယ်အချိန်မှာ သူတို့လုပ်ခဲ့လဲဆိုတာ သေချာ မှတ်တမ်း ပြုစုထားဖို့ လိုမယ်ပေါ့နော်။ ဒီစစ်တပ်မှာ တရားမျှတမှုရဖို့အတွက် သွားပြီးတော့ တောင်းဆိုတာက အခုအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေးနော်။ အဲ့လိုမျိုး မတရား အာဏာသိမ်းထားတဲ့ စစ်တပ်ကို ကျမတို့သွားပြီးတော့ တရားမျှတမှုရအောင် လုပ်ဖို့က တော်တော်လေးကို ခဲယဉ်းတယ်ပေါ့နော်” ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုအပေါ် နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (ထားဝယ်) အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ကညုံကျွန်းကျေးရွာသို့ စစ်ကြောင်း ထိုးလာသည့် လမ်းတလျှောက်ရှိ ကျေးရွာများက ဒေသခံ တစ်ရာခန့်ကိုလည်း ဖမ်းဆီးခဲ့သေးသည်။
အလားတူ အသက် ၄၆ နှစ် အရွယ် ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင်ကိုလည်း လည်လှီးသတ်ဖြတ်ခဲ့ပြီး စစ်ပြဲကျေးရွာနှင့် လောင်းလုံးမြို့ကြား ဆီအုန်းတောထဲတွင် စွန့်ပစ်ခဲ့သည်ဟု ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) က ထုတ်ပြန်ထားသည်။
ကညုံကျွန်းကျေးရွာတွင် တပ်စွဲနေထိုင်စဥ်အတွင်း နေအိမ်အချို့နှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ရာချီကိုလည်း ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ယူသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဓါတ်ပုံ – DDMSC