နောင်ချို ဗုံးကြဲ၊ အရပ်သား ၃ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက သုံးဆယ်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ မွန်းလွှဲပိုင်း ၃ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု နောင်ချို ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သုံးဆယ်ရွာကို လေကြောင်း ဗုံးကြဲတဲ့သတင်းက ဟုတ်ပါတယ်ဗျာ။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ သွားတာ၊ လာကြဲတာတော့ လေးခေါက်ပေါ့နော်။ အဲ့မှာ ပြည်သူ ၃ ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာ ရတယ်။ ၁ ရက်နေ့ ၃ နာရီကျော်ကျော်လောက်မှာ လာတာပါ လေယာဉ်က။ လေးခေါက်လုံး ဆက်တိုက်ပေါ့ ဗျာ။ ပြောရမယ်ဆိုရင် အခြေအနေက အမြဲစိုးရိမ်နေရတဲ့ အခြေအနေပါဗျ။

စစ်ကောင်စီက ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေသော်လည်း တဖက်တွင် နိုင်ငံတဝှမ်း လေကြောင်း ဗုံးကြဲမှုများမှာ ရပ်တန့်မသွားခဲ့ပေ။

နောင်ချိုမြို့နယ်ထဲက သုံးဆယ်ကျေးရွာအား လေယာဉ်ဖြင့် လေးကြိမ်ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဗုံး ၁၁ လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။

လေကြောင်း ဗုံးကြဲမှုထဲ ထိမှန်သေဆုံးသူ ၃ ဦးမှာ အမျိုးသားများ ဖြစ်သည့်အပြင် ထိခိုက်ဒဏ်ရာ ရထားသူ တစ်ဦးမှာလည်း အမျိုးသားဖြစ်သည်ဟု ဆိုသည်။

အရပ်သားများ ထိခိုက် သေဆုံးမှုများအပြင် သုံးဆယ်ကျေးရွာအတွင်းက အိမ်နှစ်လုံးနှင့် ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်။

နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများအပြင် မြေပြင်၌လည်း စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြသည်။

နောင်ချိုမြို့တွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍လည်း ဒေသခံတစ်ဦးက နောင်ချိုမြို့နယ်ထဲက အုမ္မခါး၊မျက်ချီးနု၊လုံစံနဲ့ကျောက်တောရွာတွေမှာတော့တိုက်ပွဲက ဆက်တိုက် ဖြစ်နေတယ်။ ဒီနေ့အထိလည်း ဖြစ် တုန်းပဲ။ မြို့နဲ့နီးလားဆိုတော့ နီးတယ်လို့ပဲ ပြောရမှာပေါ့ဗျာနော်။ စစ်တပ်ကလည်း အင်အားတွေ ထပ်တိုးတာ ရော၊ ဒီဘက် TNLA ကလည်း ဆက်တိုက်နေတာရော ဆိုတော့ တိုက်ပွဲကတော့ မရပ်ပါဘူး။ ဒီအတိုင်းပဲ ဆက် ဖြစ်နေတာဗျဟု ပြောသည်။

စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားသည့် မြို့ရွာများထဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်လျှက်ရှိရာ ဇွန်လ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့အား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ထိုကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်၏ လေ ကြောင်း တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိကြဖို့နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း TNLA က သတိပေးထားသည်။