မိုးဗြဲလမ်းမကို စစ်ကောင်စီ ထိန်းချုပ်၊ မြို့နေရာများကို PNA နေရာယူ၊ တော်လှန်ရေးတပ်များ အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

မိုးဗြဲ လမ်းမကြီးကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲများ ဆက်လက် ပြင်းထန်နေ သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲလမ်းမကြီး အပါအဝင် မြို့နေရာ အများစုကို စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) တပ်များ ဝင်ရောက်နေယူထားပြီဟု မြေပြင်စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်။

မိုးဗြဲမြို့တွင် တိုက်ပွဲဝင်နေသည့် မြေပြင်စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ဘောလုံးကွင်း တစ်ဝိုက်မှာ စစ်ကောင်စီ၊ PNO တွေ ရောက်နေပြီ။ ကင်းစခန်းတွေတော့ ကျသွားပြီ။ မြို့ထဲမှာတော့ တိုက်ပွဲဖြစ်နေတုန်းပဲ။ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူက အားသာတော့ ကြာရင် တောင့်ခံဖို့ ခက်တယ်ဟု ပြောသည်။

မိုးဗြဲမြို့၊ ပြည်ထောင်စု လမ်းမကြီး အနီးတစ်ဝိုက်ရှိ ဈေးကုန်း၊ သာယာကုန်း စသည့် ရပ်ကွက်များ အပါအဝင် အရေးပါသည့် နေရာအများစုကို စစ်ကောင်စီတပ်က ယမန်နေ့ည (ဇူလိုင်လ ၂ ရက်နေ့) ၌ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲမြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တို့ က စစ်မှုထမ်းအသစ်များ အဓမ္မခေါ်ယူပြီး သာလွန်အင်အားဖြင့် ၈ လကြာ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ လွိုင်ကော်မြို့အား မိုးဗြဲလမ်းမကြီးမှ ဖြတ်သန်းသွားလာ ပါက ၉၆ မိုင်သာ ကွာဝေးပြီး ယခု သွားလာရသည့် ဆီဆိုင်လမ်းကြောင်းမှာ မိုင် ၂၀၀ ကျော်ခန့် ကွာဝေးသဖြင့် မိုးဗြဲမြို့မှာ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းအတွက် အချက်အချာကျသည်ဟု ဆိုကြသည်။

မြေပြင်အရင်းအမြစ် တစ်ဦးက ဆီဆိုင်လမ်းက ကားကြီးသွားဖို့ ခက်တယ်။ သူတို့ မိုးဗြဲရသွားရင် အများကြီး အားသာသွားပြီ။ ပင်လောင်း၊ ညောင်ရွှေဖက်ကနေ သူတို့ (စစ်ကောင်စီ) စစ်မှုထမ်း အများကြီးနဲ့ ခေါ်တက်လာ တာ။ အခြေအနေက တိုက်နေတုန်းဆိုတော့ စောင့်ကြည့်ရမှာပဲ ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယနေ့ (ဇူလိုင် ၃ ရက်နေ့) အထိ တိုက်ပွဲအတွင်း ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ် (KNDF) ၁၀၂ တပ်ရင်းမှ တပ်စိတ်မှူး တစ်ဦး၊ ပအိုဝ်း အမျိုးသားများ ကာကွယ်ရေးတပ် (PNDF) ၁၀၁၁ တပ်စိတ်မှူး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးခဲ့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များက ဆိုသည်။

လက်ရှိ မိုးဗြဲတိုက်ပွဲတွင် KNDF၊ PNDF၊ ဒီးမော့ဆို LPDF၊ မိုးဗြဲ LPDF၊ URF နှင့် ကရင်နီပြည်သူ့ လွတ်မြောက် ရေး တပ်မတော် (KPLA) တို့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပြီး လက်နက်ခဲယမ်းနှင့် အကူအညီများစွာ လိုအပ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မိုးဗြဲမြို့အား ရရှိရန် လိုအပ်နေပြီး ထိုမှတဆင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲ စသည့်မြို့နယ်များသို့ ဆက်လက် ထိုးစစ်ဆင်နိုင်မည် ဖြစ်သည်။

မိုးဗြဲမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း ကရင်နီ တော်လှန်ရေး အင်အားစုများမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယင်းကာလများက မြို့တစ်မိုင်ကျော် အကွာ အဝေးတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၄၄၂ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ စစ်ကောင်စီတပ်က ခမရ ၄၄၂ မှတဆင့် ခြေကုတ်ယူ၍ ပင်လောင်း ဖယ်ခုံလမ်းအတိုင်း သာလွန် အင်အားအသုံးပြုပြီး လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် တန်ပြန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု မြေပြင်အရင်းအမြစ်များက ဆိုသည်။