ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များ တပ်တွင်း ဖိနှိပ်မှု ခံနေရဟု ထွက်ပြေးလာသူများက ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
စစ်ကော်မရှင်တပ်ထဲတွင် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ ဖိနှိပ်ခံရဟု ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ် (KNDF) ထံ ခိုလှုံလာသူက ပြောသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များထဲတွင် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များမှာ အရာရှိများနှင့် စစ်သည်အချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်အနိုင်ကျင့်ခံရခြင်းများနှင့် စစ်သည်တစ်ဦး၏ အခွင့်အရေးကိုပါ ချိုးဖောက်ခံနေရ ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးခိုလှုံလာသူများက ဖွင့်ဟပြောဆိုသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ တိုက်ပွဲ စစ်မြေပြင်မှ (KNDF) ထံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ မှ တပ်သား အောင်ကိုကိုဟိန်းက ၎င်းတို့ ခံစားရသည့် ဖိနှိပ်မှုများကို ပြောပြခဲ့ သည်။
တပ်သား အောင်ကိုကိုဟိန်းက “တပ်ကြပ်ကြီးတွေက အောက်က ပြည်သူ့စစ်မှုထမ်းကို အနိုင်ကျင့်တယ်။ တပ်ကြပ်ကြီးကလည်း သူ့အထက်က စည်သူဆိုတဲ့သူဆိုတာ ရှိတယ်။ အဲ့ဒီ စည်သူကလည်း တပ်ကြပ်ကြီးကို အနိုင်ကျင့်တယ်။ ကိုယ့်အဖေအရွယ်လောက် ရှိတဲ့သူကို သားအရွယ်လောက်တွေက အနိုင်ကျင့်နေတာ။ ခေါင်းဖြူကြီးတွေကို သားအရွယ်လောက်တွေက အနိုင်ကျင့်ရင်လည်း ခံရတယ်။ ကျနော်တို့ ဆိုတာ ဝေလာ ဝေးပေါ့ဗျာ။ ကျနော်တို့ ပြည်သူ့စစ်မှုထမ်းတွေ သူတို့အချင်းချင်းတောင် အနိုင်အရမ်းကျင့်တာ” ဟု ပြောသည်။
ထို့အပြင် စစ်ကော်မရှင်တပ်သည် ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရရှိသည့် တပ်သားသစ်များကို အချိန်မီ ဆေးကုသခွင့်မပေးဘဲ အနာမကျက်သေးမီ စစ်မြေပြင်သို့ ပြန်ပို့ခြင်းများ ပြုလုပ်သည်ဟု ၎င်းက ဆက်ပြောသည်။
ကျဆုံးသွားသည့် ရဲဘော်များကိုလည်း ၎င်းတို့၏ စစ်မှုထမ်းအဖွဲ့အစည်းအလိုက် ဖြစ်သလို မြေမြုပ်ခြင်း၊ မိသားစုကို အချိန်မီ အသိမပေးဘဲ ဆက်သွယ်မှု ပိတ်ပင်ထားခြင်းများ ပြုလုပ်ကြောင်း တပ်သား အောင်ကိုကိုဟိန်းက ဖွင့်ဟခဲ့သည်။
ပြည်သူ့ပန်းတိုင် ဦးဆောင်ကော်မတီဝင် ကိုနောင်ရိုးက စစ်ကောင်စီ အရာရှိများ၏ ဤသို့သော လုပ်ဆောင်မှုများ သည် စစ်သားတစ်ယောက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို လျစ်လျူရှု ချိုးဖောက်ခြင်းနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြုခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
စစ်သားတစ်ဦး စစ်မြေပြင်တွင် ကျဆုံးပါက မိသားစုကို ဆက်သွယ် အကြောင်းကြားခြင်း၊ ပင်စင်လစာ ခံစားခွင့် ကိစ္စများ ဆောင်ရွက်ပေးရခြင်းတို့မှာ တပ်မတော်၏ လုပ်ထုံးလုပ်နည်းနှင့် သတ်မှတ်အခွင့်အရေးများ ဖြစ်ကြောင်း ကိုနောင်ရိုးက ရှင်းပြသည်။
ဒဏ်ရာရရှိသည့် စစ်သားများကိုလည်း လိုအပ်သော ဆေးကုသမှုပေးရန်နှင့် ပြန်လည်ကောင်းမွန်လာမှသာ စစ်ဆင်ရေးတာဝန် ပြန်လည်ပေးအပ်ရန် လိုအပ်ကြောင်း ကိုနောင်ရိုးက ဆိုသည်။
“စစ်သား တစ်ယောက်ရဲ့ အခွင့်အရေးကို လျစ်လျူရှူ ချိုးဖောက်တာ၊ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုတာ ဖြစ်ပါ တယ်။ စစ်မှုထမ်းတွေဟာ အခြေအနေတိုင်းမှာ သတ်မှတ် အခွင့်အရေးတွေ ရှိပါတယ်။ ကျဆုံးတာ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ထိခိုက်တာ၊ ဒဏ်ရာရရှိတာ စတဲ့အခြေအနေ အလိုက် သတ်မှတ်ခံစားခွင့်များ ရှိပါတယ်။ (ဥပမာ- ခြေလက် ပြတ်တောက်သွားရင် မသန်စွမ်းထောက်ပံ့မှု နှုန်းထားပေးတာ။”
စစ်မှုထမ်းတပ်သားသစ်များသည် အခွင့်အရေးများ ပိတ်ပင်ခံထားရသည့်အပြင် လူသားဒိုင်းအဖြစ် အသုံးချ ခံနေရကြောင်း ထောက်ပြကာ၊ အခွင့်အလမ်း အမြဲစောင့်ကြည့်ပြီး အခွင့်သာသည်နှင့် ရုန်းထွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်သူ့ပန်းတိုင်က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ စက်တင်ဘာလအတွင်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၁၁၇ ဦး အလင်းဝင်ပူးပေါင်း၊ လက်နက်ချ သို့မဟုတ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
ထိုအထဲတွင် အလင်းဝင်ပူးပေါင်းလာသူ ၆၉ ဦး အနက် ၄၁ ဦး မှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။
ယခုနှစ် ဇန္နဝါရီလမှ စက်တင်ဘာလ အထိ ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ စစ်ကော်မရှင်တပ်မှ အလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂,၁၂၁ ဦး ရှိခဲ့သည်။
ဓာတ်ပုံ – ပုံဟောင်း (ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် – KNDF)