ကရင်နီပြည်အတွင်း တော်လှန်ရေး တပ်မတော် တစ်ခုထဲ ရှိရန် လူငယ်များတောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
တော်လှန်ရေးအင်အားစု အမျိုးမျိုး ကွဲပြားလှုပ်ရှားနေသည့် ကရင်နီပြည်အတွင်း ပြည်နယ်ကိုယ်စားပြု “တပ်မတော် တစ်ရပ်တည်း” နှင့် “အစိုးရတစ်ရပ်တည်း” အမြန်ဆုံး ပေါ်ထွန်းလာရေးအတွက် ကရင်နီလူငယ်ထု က တိုက်တွန်းတောင်းဆို လိုက်သည်။
အဆိုပါ တိုက်တွန်းတောင်းဆိုချက်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် “ကရင်နီပြည် လူငယ်ထု နှီးနှောဖလှယ်ပွဲ” မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကရင်နီပြည်၏ အနာဂတ်ကို စုပေါင်း အင်အားဖြင့် တည်ဆောက်ရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။
လက်ရှိ ကရင်နီပြည်အတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KNPLF)၊ ကယန်းပြည်သစ်တပ်မတော် (KNLP) နှင့် PDF တပ်ရင်းများ အပါအဝင် အဖွဲ့အစည်းပေါင်းစုံ လှုပ်ရှားနေသည်။
အဆိုပါအဖွဲ့များအားလုံး ပေါင်းစည်းပြီး ပြည်နယ်ကိုယ်စားပြု စစ်တပ်တစ်ခုတည်း ဖြစ်တည်လာရေးကို လူငယ်ထုက အဓိက တောင်းဆိုခဲ့ကြသည်။
ကရင်နီပြည်နယ် အင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ်က “ကျနော်တို့ ဖိုရမ်ကနေ သဘောတူ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကတော့ ဒါ ကရင်နီပြည် တပ်တစ်တပ်တည်း ဖြစ်ရေးကိစ္စမှာ ကျနော်တို့ လူငယ်ထုတွေအနေနဲ့ တတ်အားသမျှ ပါဝင်ပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။ နောက်တစ်ခုကတော့ ကရင်နီပြည်နယ်မှာ အစိုးရ တစ်ရပ်တည်း ပေါ်ထွန်းရေးကိစ္စမှာလည်း ကျနော်တို့ လူငယ်ထုတွေအနေနဲ့ တတ်အားသမျှ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့ တောင်းဆိုထားတာရှိတယ်” ဟု ပြောသည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ် ၁၀၈ ဦးသည် ပြည်နယ်၏ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် ဥပဒေပြုရေးစသည့် မဏ္ဍိုင်ကြီးများတွင် လူငယ်များ ကိုယ်စားပြုမှု ရရှိရန်နှင့် ဆုံးဖြတ်ချက်ချမှတ် သည့် အဆင့်များ၌ ပါဝင်နိုင်သည့် ခင်းအကျင်းတစ်ခုကို သက်ဆိုင်ရာ အစုအဖွဲ့များက အထူးစီမံပေးရန်လည်း ထည့်သွင်းတောင်းဆိုခဲ့ကြသည်။
ထို့အပြင် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကရင်နီလူငယ်ထု၏ သဘောထားမှာ အလွန်ပြတ် သားပြီး ပြင်းထန်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်နီအမျိုးသားများကို “အမျိုးသားသစ္စာဖောက်” အဖြစ် သတ်မှတ်ရန်ပင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ခွန်းသောမတ်စ်က ဆက်လက်၍ “စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျနော်တို့ လူငယ်ထုတွေ အနေနဲ့ ဒါ လုံးဝဆန့်ကျင် ကန့်ကွက်တယ်။ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ဒါ ကရင်နီပြည် အမျိုးသားများဖြစ်တဲ့သူတွေ ဝင်ပြိုင်ရင် ကျနော်တို့က အမျိုးသားသစ္စာဖောက်အဖြစ် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ပြောသည်။
ဤနှီးနှောဖလှယ်ပွဲသို့ ကရင်နီ လူငယ်ထု နှီးနှောဖလှယ်ပွဲသို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC လူငယ် ကိုယ်စားလှယ်များ၊ ကရင်နီပြည် လူငယ်ရေးရာ ကော်မတီကိုယ်စားလှယ်များ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၏ လူငယ်ရေးရာဌာန – DoYA ကိုယ်စားလှယ်များ၊ ကရင်နီပြည် လူငယ်များ သမဂ္ဂ – UKSY ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်များ၊ အရပ်ဖက် လူငယ်အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသား လူမျိုးစုလူငယ်များ တက်ရောက်ခဲ့ကြပြီး ကရင်နီပြည်၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေသော်လည်း လူငယ်ထု၏ ဤတောင်း ဆိုချက်သည် တော်လှန်ရေး အဖွဲ့အစည်းများအကြား ညီညွတ်ရေးကို ဖော်ဆောင်ရန်နှင့် ကြားကာလ အုပ်ချုပ် ရေး ယန္တရားကို ခိုင်မာအောင် တည်ဆောက်ရန်အတွက် အရေးကြီးသော တွန်းအားတစ်ရပ် ဖြစ်လာရေး မျှော်လင့်ထားကြသည်။