ခဲသတ္တုမိုင်းများကို လေကြောင်းမှ ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ကရင်နီ ပြည်အတွင်းက စီးပွားရေး လုပ်ငန်းတွေတည်ရှိရာ မော်ချိးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်သည့် အတွက် လူထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ် အဆောက်အအုံများလည်း ထိမှန် ပျက်စီးခဲ့သည်ဟု မော်ချီး ဒေသခံများက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ (ယနေ့) နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်နှင့် လာပြီး ဗုံးကြဲ ချခဲ့ခြင်း ဖြစ်သည်ဟု ဗုံးကြဲခံရသည့် နေရာအနီးဝန်းကျင်တွင် ရှိနေသည့် မော်ချီး ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
မော်ချီးဒေသခံ တစ်ဦးက “အပေါ်က ဒီဇယ်ကုန်းမှာ ကြဲသွားတာ သူတို့ ထိတဲ့သူတွေလည်းရှိတယ် ပြောတယ်။ အခြေအနေကတော့ အောက်ရွာ ဒီဇယ်ကုန်းဖက်မှာ သုံးလုံးလောက်ပေါ့နော် လေယာဉ်လာကြဲသွားတယ်။ ပြီးလို့ ရှိရင် အထိအခိုက်တော့ အိမ်တွေဘာတွေတော့ ထိတယ်။ ပြီးလို့ရှိရင် ယောက်ကျား ၂ ယောက် ထိတယ် ပြောတယ်။ အတိအကျတော့ သေသေချာချား မသိရသေးဘူး။ မိုးတွေလည်း အရမ်းရွာတော့ အပေါ်က မိသားစု တွေ ပြန်ဆင်းလာတော့ ပြောပြတာပေါ့” ဟု ပြောသည်။
လေယာဉ်လာကြဲပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာသောကြောင့် အခြေအနေ အသေးစိတ်ကို မသိရ သေးဘူးဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီက မော်ချီးမြို့ရှိ ခဲလုပ်ကွက် တစ်ခုထဲ ပေါင် ၅၀၀ ဗုံးနှင့် လာရောက် ကြဲချခဲ့သောကြောင့် အရပ်သား ၅ ယောက် ထိမှန်သေဆုံးခဲ့သည့်အပြင် ၁၀ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါ မော်ချီးဒေသခံက ဆက်ပြောသည်။
“မနေ့တစ်နေ့က ကြဲတာက ဒီအခု ကျနော်တို့ နေတဲ့ အိမ်အပေါ် တစ်လုံးကျော်နားမှာပေါ့နော။ တရုတ်စက်ရုံမှာ ကြဲသွားတာ။ အဲဒီ တရုတ်စက်ရုံ အလုပ်လုပ်နေတဲ့ အချိန်မှာပဲ ကြဲတော့ တော်တော်များများလည်း ထိတယ်။ တော်တော်များများလည်း သေကြတယ်။ ငါးယောက် ခြောက်ယောက်လောက်တော့ သေတယ်ကြားတယ်။ သူ အဓိက ကြဲတဲ့နေရာတွေကတော့ တရုတ်စက်ရုံတွေပေါ့။ ဒီစက်ရုံမှာ ကြဲတာ ဆိုလို့ရှိရင် သိသလောက်ဆိုရင် တရုတ် လင်မယားပါတယ်။ တရုတ်ပဲ ငါးယောက်လောက်ပါတယ်။”
ထို့အတူ ဧပြီလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင်လည်း မယ်စဲ့မြို့နယ်ထဲက နေရာတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု မယ်စဲ့မြို့နယ်ထဲက ဒေသခံတစ်ဦး က ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း မော်ချီးမြို့အဝင်တွင်ရှိသည့် အမှတ် ၂ ဂိတ် အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု့ပြီး ဧပြီလကုန်အထိ ယာယီ အပစ်ရပ်ထား မည်ဟု ထုတ်ပြန်ထားသည်။
ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီသည် လေကြောင်းအပြင် ဒရုန်းသုံး ဗုံးကြဲ တိုက် ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို နိုင်ငံတဝှမ်း နေ့တိုင်း လုပ်နေပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေသည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။
Photo – ဒေသခံ