ဒေသတစ်ခုလုံး လွတ်မြောက်ပြီးနောက် တပြည်လုံး လွတ်မြောက်ရေး တိုက်ပွဲ ဆက်ဝင်မည်ဟု CDF မင်းတပ်ပြော 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်။ 

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်တွင် မင်းတပ်ဒေသတစ်ခုလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ခဲ့ သော်လည်း ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး ဆက်လုပ်ဆောင်သွားရအုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မင်းတပ် စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်၏ တော်လှန်ရေး ၄ နှစ်ပြည့်နေ့ (ဧပြီလ ၂၄ ရက်နေ့) အထိမ်းအမှတ် မိန့်ခွန်းထဲတွင် CDF မင်းတပ်  စစ်ဦးစီးချုပ် ဆလိုင်း ထန်းချွမ်ဖေ က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

ကျနော်တို့ ဒီ ၄ နှစ်ပြည့်တော်လှန်းကိုလည်း ကျနော်တို့ ခမ်းခမ်းနားနားနဲ့ မလုပ်ခဲ့ပါဘူး။ ကျနော်တို့ ရှေ့ဆက် ရမယ့် အနာဂတ်အတွက် ကျနော်တို့ ပေးဆပ်ခဲ့တဲ့ သမိုင်းကို မမေ့မလျော့ပဲနဲ့ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ကဗ္ဗည်းထိုးခြင်းအားဖြင့်သာ ကျနော်တို့ရဲ့ စစ်မှန်တဲ့ ၄ နှစ်ပြည့် အခမ်းအနားပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆက်ပြီးတော့ ကျနော်တို့ ၅ နှစ်ပြည့်မှာလည်း ကျနော်တို့ ချင်းပြည်နယ် တစ်ပြည်နယ်လုံး လွတ်မြောက် ရမယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ ဒေသတွင်းမှာ ရှိနေကြတဲ့ ကျနော်တို့ ဒေသအတွင်းမှာ ရှိနေကြတဲ့ ကျနော် တို့နဲ့ ချိတ်ဆက်နေကြတဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်စနစ်က လွတ်မြောက်ပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပန်းတိုင်ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်ရမှာ ဖြစ်ပါတယ်

CDF မင်းတပ်အနေဖြင့် တော်လှန်ရေးကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ခဲ့ပြီး တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း အသက် ခန္ဓာပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများကို ဦးညွတ်ဂုဏ်ပြုသည်ဟု CDF မင်းတပ်  စစ်ဦးစီးချုပ် က ပြောသည်။

၄ နှစ်ပြည့်ကာလတွင် မင်းတပ်ဒေသတစ်ခုလုံး စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဟု ဆို သည်။

သို့သော် တစ်ပြည်နယ်လုံး အတိုင်းအတာနှင့် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင် ဆက်လက် လုပ်ဆောင်သွားရမည့် စစ်ဆင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆလိုင်းထန်းချွမ်ဖေက ယခုကဲ့သို ဆက် ပြော သည်။

၅ နှစ်ပြည့်မှာတော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် ဒီလာမယ့် ၁ နှစ်အတွင်းမှာလည်း ကြိုးစား ပြီးတော့ ကျနော်တို့ တော်လှန်ရေးကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲကြောင့် အခုလက်ရှိ အောင်မြင်နေတဲ့ ချင်းညီနောင် စစ်ဆင်ရေးကိုလည်း ဆက်ပြီးတော့ ဝန်းရံပံ့ပိုးပေးကြပါ။ ကျနော်တို့ ချင်းညီနောင်ဟာ ဆက်ပြီး တော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး ထိုနည်းတူပဲ ကျနော်တို့ ချင်းပြည်နယ် အတွင်းမှာ ရှိနေသေးတဲ့ ဟားခါး ထန်တလန် စသည့် မြို့တွေ လွတ်မြောက်ရေးအတွက်လည်း ကျနော်တို့ စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်

ထို့အပြင် ချင်းပြည် တစ်ခုလုံးသာမက တစ်နိုင်ငံလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့များနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ် CDF မင်းတပ်၏ တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း အောင် မြင်မှုများမှာ အဖက်ဖက်မှ ပံ့ပိုးကူညီသူများနှင့် မဟာမိတ် အဖွဲ့များ၏ မှန်ကန်သည့် စေတနာထားမှုနှင့် အပြည့် အဝ ရပ်တည်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ဆလိုင်းထန်းချွမ်ဖေ ပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်တစ်ခုလုံး လွတ်မြောက်အောင် ဆက်လက်တိုက်ပွဲဝင်သွား ရမှာဖြစ်ပြီး လက်နက်ခဲ ယမ်းနှင့် စားနပ်ရိက္ခာ လိုအပ်မှုများကိုလည်း မိဘပြည်သူတို့အနေဖြင့် ဆက်ပြီး ဝန်းရံပေးကြဖို့ CDF မင်းတပ် စစ်ဦးစီးချုပ်က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

Photo – CDF – CDF Mindat