ထားဝယ် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး အလံဖြူထောင် လက်နက်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်။ 

တနင်္သာရီတိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦး အလံဖြူထောင် လက်နက်ချခဲ့သည်ဟု ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ် TPLFက ပြောသည်။ 

ထားဝယ်မြို့နှင့် ၇ မိုင်ခန့်အကွာရှိ ဟားလီးကွေ့စခန်းကို တိုက်ခိုက်စဥ် စစ်ကောင်တပ်က ၁၆ ဦး အလံဖြူ ထောင် လက်နက်ချခဲ့ပြီး စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ခရိုင်ပြည်သူ့လွတ်မြောက်ရေး တပ် TPLF တာဝန်ရှိသူက ပြောသည်။

မောင်မယ်မယ်ရှောင်ကျေးရွာရှိ ဟားလီးကွေ့  စစ်ကောင်စီစခန်းကို ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့် က ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့်တွင် စခန်းတစ်ခု လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ် – ရန်ကုန် ကားလမ်းမပေါ်ရှိ ဟားလီးကွေ့စခန်းသည် စစ်ဘေးရှောင်နေသည့် လူမရှိသည့် နေအိမ်များ ကို ခြေကုတ်ယူပြီး ဘန်ကာများ၊ ဆက်သွယ်ရေး မြောင်းများဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလခန့်မှ စတင်၍ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ ဂိတ်စခန်း တစ်ခုဖြစ်သည်။

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF မှ တာဝန်ရှိသူတစ်ဦးက စခန်းထဲက စစ်ကောင်စီတပ်သား ၁၆ ဦးက အလံဖြူထောင်ပြီး လက်နက်ချတယ်၊ စခန်းကိုလည်း မီးရှို့ခဲ့တယ်၊ လက်နက်တွေလည်း ရတယ်၊ စာရင်း အတိအကျတော့ မသိရသေးဘူး၊ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှု တစ်ချို့ရှိပေမဲ့ စာရင်းယူနေတုန်းပါ။ လက်ရှိတော့ စခန်းက ပြန်ဆုတ်လိုက်ပါပြီ ဟု ပြောသည်။

ဟားလီးကွေ့စခန်းသည် ရန်ကုန် – ထားဝယ် ကားလမ်းပေါ်တွင် သွားလာနေသည့်ယာဥ်များကို စစ်ဆေးငွေညှစ် နေသော ဂိတ်ဖြစ်‌ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း စခန်းဂိတ်ကို မကြာခဏ လာရောက် ပစ်ခတ် ခဲ့ဖူးသည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဟားလီးကွေ့စခန်းကို တိုက်ခိုက်နေချိန် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် နှစ်ကြိမ် လာ‌ ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သပြေချောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်း ဘက်မှလည်း မောင်မယ်ရှောင် ကျေးရွာနှင့် ဟားလီးကွေ့စခန်း တစ်ဝိုက်ကို လက်နက်ကြီးများနှင့် တစ်နေကုန် ပစ်ကူခဲ့သည်ဟု ဆိုသည်။

လေကြောင်းဖြင့် ဗုံးလာကြဲတာကြောင့် ဇဟာကျေးရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ကာ ဘုန်းကြီးနှစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ပြီး စခန်းကို အုပ်ချုပ်သည့် ဗိုလ်ကြီးဖြစ်သူမှာ စခန်းသိမ်းပိုက်ခံရ အပြီး၌ သေနတ်ဖြင့် ပစ်သတ်ကာ အဆုံးစီရင်သွားခဲ့သည်ဟု TPLF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ထားဝယ် ပြည်သူ့ လွတ်မြောက် ရေးတပ် – TPLF၊ ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် – (DNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပုးပေါင်း စစ်ဆင်ရေူ လုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ထားဝယ်ခရိုင် အတွင်းရှိ တပ်မဟာ (၄)နယ်မြေမှ စစ်ကောင်စီ၏ ဗျူဟာ စခန်းတစ်ခု ဖြစ်သည့် ထီးထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သေးသည်။

တိုက်ပွဲအတွင်းမှ ဗျူဟာမှူး အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယခုနှစ် သင်္ကြန်ကာလမှ စတင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ကြား စစ်ရေး တင်းမာနေပြီး နေ့စဥ်နီးပါး လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိနေပြီး ၁၀ ရက် အတွင်း၌ ထားဝယ်ခရိုင် အတွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်အထိ ရှိလာနေသည်ဟု ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေး အဖွဲ့ထံမှ သိရသည်။