မြစ်ဆုံစီမံကိန်း ဝေဖန် ကန့်ကွက်သူကို အရေးယူမည်ဟု စစ်ကော်မရှင် ခြိမ်းခြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
မြန်မာပြည်သူတို့၏ အမျိုးသားရေး အမှတ်လက္ခဏာနှင့် အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ဆုံ စီမံကိန်းကို စစ်ကော်မရှင်က အာဏာသုံး၍ ပြန်လည် အကောင်အထည်ဖော်ရန် ပြင်ဆင်လာနေသည်။
အထူးခြားဆုံးမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်သည့် နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေး ကော်မတီ (ကာလုံ) က စီမံကိန်းများကို အထောက်အထား မခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟု ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် အမိန့်ထုတ်ပြန် ကာ ပြည်သူလူထုကို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကချင်ပြည်သို့ သွားရောက်ခဲ့ပြီး မြစ်ဆုံစီမံကိန်းအတွက် ဒီဇိုင်းအသစ်များကို တရုတ်နိုင်ငံနှင့် ညှိနှိုင်းနေပြီဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။
ဤလှုပ်ရှားမှုသည် ၂၀၁၁ ခုနှစ်ကတည်းက ပြည်သူ့ဆန္ဒအရ ရပ်နားထားခဲ့ရသည့် စီမံကိန်းကို စစ်ရေး၊ နိုင်ငံရေး ကျပ်တည်းနေချိန်တွင် အတင်းအကျပ် ပြန်စရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ခံနေရသည်။
သဘာဝပတ်ဝန်းကျင် အရေး တက်ကြွလှုပ်ရှားသူ မြစ်ကြီးနားမြို့ခံတစ်ဦးက “ဒါဟာ နည်းပညာအရ ညှိနှိုင်းတာ ထက် ပြည်သူ့ဆန္ဒကို အမိန့်နဲ့ နင်းခြေလိုက်တာပါ။ အခုထုတ်တဲ့ အမိန့်က မြစ်ဆုံကို ကန့်ကွက်မယ့်သူ မှန်သမျှ ကို ထောင်ထဲထည့်မယ်လို့ ကြိုပြီး လက်သီးပြလိုက်တာပဲ” ဟု ပြောသည်။
စီမံကိန်းပြန်စမည့် သတင်းများကြောင့် မြစ်ဆုံဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများ အကြား စိုးရိမ်မှုများမှာ မြင့်တက်လာနေသည်။
စီမံကိန်းကြောင့် အိုးအိမ်စွန့်ခွာရမည့်အရေးနှင့် ဘိုးဘွားပိုင်မြေများ ရေအောက်ရောက်သွားမည့် အရေးမှာ ဒေသခံတို့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေသည်။
မြစ်ဆုံဒေသခံ အမျိုးသမီးတစ်ဦးက “မသိရင် ဧရာဝတီမြစ်က ကချင်တွေနဲ့ပဲ ဆိုင်တယ် ထင်သလား မသိဘူး။ ဒီစစ်ခေါင်းဆောင်တွေက တော်တော်ဆိုးတယ်။ မြစ်ဆုံစီမံကိန်းသာ တကယ်လုပ်ဖြစ်သွားရင် တနိုင်ငံလုံး ဒုက္ခရောက်မှာလေ။ နည်းပညာတွေ ဘယ်လောက်ကောင်းကောင်း၊ ဒီဇိုင်းတွေ ဘယ်လိုပဲပြောင်းပြောင်း အလကားပဲ။ အခုက ကန့်ကွက်ရင်လည်း အရေးယူမယ်ဆိုတော့ ကျမတို့မှာ ပြောစရာ ပါးစပ်တောင် မရှိတော့တဲ့ဘဝ ရောက်နေပါပြီ” ဟု ပြောသည်။
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများကလည်း စစ်ကော်မရှင်၏ လုပ်ရပ်အပေါ် ဝေဖန်နေကြသည်။
စီမံကိန်း၏ ဒီဇိုင်းကို ပြောင်းလဲနိုင်သော်လည်း ဧရာဝတီမြစ်၏ ဂေဟစနစ် ပျက်စီးမှု၊ နုန်းတင်မြေနု စီးဆင်းမှု ပြတ်တောက်မှုနှင့် မြစ်အောက်ပိုင်းဒေသများရှိ စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများကိုမူ မည်သည့် နည်းပညာကမျှ အစားထိုးနိုင်မည်မဟုတ်ကြောင်း ထောက်ပြနေကြသည်။
စစ်ကော်မရှင်သည် ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ရယူရန် မြစ်ဆုံစီမံကိန်းကို ‘အလဲအထပ်’ တစ်ခုအဖြစ် အသုံးပြုနေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
အဆိုပါ စီမံကိန်းကြီးများကို အတင်းအကျပ် လုပ်ဆောင်နေသကဲ့သို့ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို လည်း တစ်ဖက်တွင် အပြင်းအထန် ဖမ်းဆီးနှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။