မြစ်ဆုံစီမံကိန်းကို ဒီဇိုင်းအသစ်ဖြင့် ပြန်စမည်ဟု စစ်ခေါင်းဆောင်တစ်ဦးပြော၊ ဒေသခံများစိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ပြည်သူကန့်ကွက်ထားသည့် မြစ်ဆုံစီမံကိန်းကို ‘ကွန်ကရစ်ကျောက်ဖြည့်တမံ’ ဒီဇိုင်းအသစ်ဖြင့် ပြန်စရန် စစ်ကော်မရှင်တပ်က စီစဉ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်နေကြသည်။
ပြည်သူတစ်ရပ်လုံး၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရ သည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို “ကွန်ကရစ်ကျောက်ဖြည့်တမံ” (Concrete Faced Rockfill Dam – CFRD) ဒီဇိုင်းအသစ်ဖြင့် ပြန်လည်တည်ဆောက်ရန် စစ်ကော်မရှင်က စီစဉ်နေခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီများနှင့် ဆွေးနွေးသဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စီမံကိန်းသည် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် နီးကပ်သော်လည်း ယခုဒီဇိုင်းအသစ်မှာ ငလျင်ဒဏ်ကို အထူးခံနိုင်ရည် ရှိမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ စီမံကိန်းကို အတင်းအကျပ် ပြန်လည်အသက်သွင်းရန် ခြေလှမ်းပြင်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ စီမံကိန်းပြန်စမည့် အပေါ် နေရပ်စွန့်ခွာရမည့်အရေး ဒေသခံများက စိုးရိမ်လျှက်ရှိသည်။
မြစ်ဆုံ ဒေသခံအမျိုးသမီးတစ်ဦး “အရင်ကလည်း စီမံကိန်းကြောင့်ဆိုပြီး ကျမတို့ရွာတွေကို အတင်းရွှေ့ခိုင်းခဲ့ တာ။ အခုမှ နေသားတကျဖြစ်စ ပြုကာရှိသေးတယ်၊ နောက်ထပ်တစ်ခါ အိုးအိမ်တွေစွန့်ပြီး ပြေးရဦးမယ်ဆို တော့ ရင်ထဲမှာ ဘယ်လိုမှ မကောင်းဘူး။ ဒီမြစ်ကြီးက ကျမတို့ရဲ့ မိခင်လိုပဲ၊ အခုလိုမျိုး အတင်းအကျပ်ကြီး ထပ်လုပ်မယ်ဆိုတာက မတင်ကို လုပ်တာ။ တိုက်ပွဲတွေကလည်း ဖြစ်၊ နိုင်ငံရေးကလည်း မကောင်းတော့ ဒါကို အခွင့်ကောင်းယူပြီး လုပ်တာ” ဟု ပြောသည်။
ထို့အပြင် စီမံကိန်းပြန်စမည့်အပေါ် မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ၎င်း၏ စိုးရိမ်ပူပန်မှုကို ယခုကဲ့သို့ ပြောသည်။
“ကျနော်တို့အတွက် မြစ်ဆုံဆိုတာ အသက်သွေးကြောပါ။ ငလျင်ဒဏ်ခံနိုင်ပါတယ်ဆိုတဲ့ စကားကို လုံးဝ မယုံ ကြည်ဘူး။ တမံကြီးသာ ကျိုးသွားရင် မြစ်ကြီးနားတင်မကဘူး ဧရာဝတီမြစ်ကမ်းဘေးက မြို့တွေအားလုံး ရေအောက်ရောက်ကုန်မှာ။ အခုက လူတွေကို အတင်းဖယ်ခိုင်းပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးဖို့ လုပ်နေတာပါ။”
မြစ်ဆုံစီမံကိန်းသည် ၂၀၁၁ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အန္တရာယ်နှင့် လူမှုစီးပွား ထိခိုက် မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်ခဲ့ကြသဖြင့် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
ယခုစီမံကိန်းကြောင့် စင်္ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသော နယ်မြေများ ရေနစ်မြုပ်နိုင်သည့်အပြင် လူပေါင်း သောင်းချီ နေရပ်စွန့်ခွာရမည့် ဘေးအန္တရာယ်ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သတိပေးထားသည်။
နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ ထွက်ပေါက်အတွက် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရန် ပြည်သူ့ဆန္ဒကို လစ်လျူရှုကာ မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။