ရေဖြူ အုပ်ချုပ်ရေးရုံးများနှင့် ရွေးကောက်ပွဲရုံးကို တော်လှန်ရေး ပူးပေါင်းတပ်များ မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ အုပ်ချုပ်ရေးယန္တရားများကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင်ရုံး အပါအဝင် အဆောက်အအုံ ၆ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ရေဖြူမြို့ပေါ်ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလုံးအရင်း ဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့သည့်အပြင် ရွေးကောက်ပွဲ ကော်မရှင်ရုံး အပါအဝင် အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖော်ဆောင်ခဲ့သော ဤစစ်ဆင်ရေးသည် စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို တုံ့ပြန်ဆန့်ကျင်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ရေဖြူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့မရဲစခန်းတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး၊ တစ်ပြိုင်တည်းမှာပင် မြို့အနီးရှိ ခမရ (၄၀၆)၊ (၄၀၇)၊ အမတ (၃၀၄) တပ်ရင်းများနှင့် တံတားစစ်ဆေးရေးဂိတ်တို့ကို ဒရုန်းများ၊ လက်နက်ကြီးများဖြင့် အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲက တော်တော်လေး ပြင်းထန်ခဲ့ တယ်။ အကြမ်းဖက် စစ်တပ်ဘက်က အယောက် ၂၀ နီးပါးလောက် ထိခိုက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းရပါ တယ်။ ကျနော်တို့ဘက်ကတော့ မြို့ပေါ်က အုပ်ချုပ်ရေးယန္တရား အဆောက်အအုံ ၆ ခုထက်မနည်းကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောသည်။
ဤစစ်ဆင်ရေးကို ထားဝယ်အခြေစိုက် တော်လှန်ရေးမဟာမိတ် ၁၃ ဖွဲ့ဖြစ်သော TPLF၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ဒေါနစစ်ကြောင်းများ၊ ရေဖြူပကဖ၊ Ba Htoo Army နှင့် အခြားမဟာမိတ်တပ်ဖွဲ့များ စနစ်တကျ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း ရွေးကောက်ပွဲကော်မရှင်ရုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းအတွင်းရှိ အဆောက်အအုံအချို့ မီးလောင် ပျက်စီးခဲ့သည်။
မြို့ပေါ်စီးနင်းတိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် စစ်ကော်မရှင်ဘက်က ရေဖြူမြို့ပေါ်၌ စစ်အင်အား အလုံးအရင်း ထပ်မံဖြည့်တင်းထားသလို၊ အနီးနားရှိကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ကြောင့် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။
ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ ရေဖြူမြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုကြရန်လည်း သတိပေးနှိုးဆော်ထားသည်။