ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာရှိ သတင်းစာတိုက် ၂ ခု မီးရှို့ခံရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ဆန္ဒပြ လူအုပ်ကြီးထဲက လူတချို့က သတင်းစာ တိုက် ၂ ခုကို (ဒီဇင်ဘာ ၁၉ရက် ) ဒီကနေ့မှာ မီးရှို့ခဲ့လို့ သတင်းသမားတွေ ပိတ်မိနေခဲ့ပါတယ်။ 

Mr. Sharif Osmen Hadi (မစ္စတာ ရှာရစ်ဖ် အိုစမန် ဟာဒီ) လို့ခေါ်တဲ့ လူငယ်ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၀၂၄ အရေးတော်ပုံမှာ အဓိကပါဝင်ခဲ့သူ အသက် ၃၂ နှစ်အရွယ် လူငယ်ခေါင်းဆောင် Mr. Hadi ဟာ ပြီးခဲ့တဲ့အပတ်က ဗလီတစ်ခုကအထွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ 

သူဟာ စင်ကာပူဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ကို သတ်ဖြတ်သူတွေကို အရေးယူပေးဖို့ တောင်းဆိုရာကနေ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဒါကာမြို့ရှိ နာမည်ကြီးသတင်းစာတိုက်တွေဖြစ်တဲ့ Prothom Alo နဲ့ The Daily Star အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

သတင်းထောက်တွေဟာ အဆောက်အအုံထဲမှာ ပိတ်မိနေခဲ့ပြီး မီးသတ်သမားတွေက ဝန်ထမ်း ၂၇ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။

The Daily Star သတင်းစာတိုက်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သတင်းစာထုတ်ဝေမှု ရပ်နားခဲ့ရပါတယ်။

ဒီသတင်းစာတိုက်တွေဟာ အိန္ဒိယနိုင်ငံဘက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။ အခုသေဆုံးသွားတဲ့ လူငယ်ခေါင်းဆောင် Mr. Hadi ဟာလည်း အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

သတင်းစာတိုက် တာဝန်ရှိသူတွေက ဒါဟာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း ဒီအကြမ်းဖက်မှုကို စိုးရိမ်ကြောင်းနဲ့ တရားခံတွေကို အရေးယူဖို့ တိုက်တွန်းထားပါတယ်။

Mr. Hadi ပါဝင်ခဲ့တဲ့ Inqilab Mancha အဖွဲ့ကတော့ ဒီမီးရှို့ဖျက်ဆီးမှုတွေဟာ အခွင့်ကောင်းယူလိုသူတွေက လုပ်ဆောင်တာဖြစ်ပြီး သူတို့အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သေနတ်သမားတွေကို ဖမ်းဆီးနိုင်ဖို့အတွက် သံသယရှိသူ ဓာတ်ပုံတွေကို ထုတ်ပြန်ထားပြီး သတင်းပေးနိုင်သူကို တာကာ ၅ သန်း (စင်ကာပူဒေါ်လာ ၅ သောင်းကျော်) ဆုကြေးငွေ ထုတ်ပြန်ထားပါတယ်။