စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ အရပ်သား ၆ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ခန့်တွင် ကောလင်းမြို့ အနောက်ခြမ်းရှိ နတ်အင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စီးက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျောင်းသည် ဘေးလွတ်ရာသို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာတစ်ခု လည်း ဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဦးမြင့်ဝင်း အပါအဝင် ဦးကျော်ပိုင်ဦး၊ ဦးစိုးသူအောင်၊ ဦးအောင်မျိုးသူ၊ ဒေါ်အေးနှင့် ဒေါ်နှင်းမိုးအေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်များ ပျက်စီးကာ ကျွဲနွားအချို့လည်း ထိမှန်သေဆုံးခဲ့သည်။
နတ်အင်းကျေးရွာသည် လေကြောင်းတိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး ဗုံးဒဏ်ကြောင့် ကျေးရွာတစ်ရွာလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။
ကောလင်းဒေသခံတစ်ဦးက “စစ်ရှောင်တွေ နေတဲ့ စာသင်ကျောင်းကို တည့်တည့်လာကြဲသွားတာပဲ။ ဗုံးသံက အရမ်းကျယ်တော့ ရွာထဲက အိမ်တွေတောင် တုန်သွားတယ်။ ပေါင် ၅၀၀ ဗုံးဆိုတော့ သိတဲ့အတိုင်းပဲ အကျယ် ကြီး။ ဒဏ်ရာရတဲ့သူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမဲ့ အခုထိတော့ ကြောက်နေကြတုန်းပဲ။ စိတ်မပြယ်ကြသေးဘူး။ ရွာထဲ ပြန်နေကြပေမယ့် သတိနဲ့ နေရတာပေါ့။ တခြားလည်း ပြေးစရာမှ မရှိတာ” ဟု ပြောသည်။
ကောလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သည် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင် နေပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မိတ္ထီလာလေတပ်မှ တက်လာသည့် လေယာဉ်ဖြင့် မြို့အရှေ့ခြမ်းရှိ မုတ်ဝကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲဖျက်ဆီးခဲ့သေးသည်။
ကောလင်းခရိုင် အမှတ် (၂) တပ်ရင်းနှင့် Kawlin Revolution (KR) တို့၏ ထုတ်ပြန်ချက်များအရ စစ်ကော်မရှင် တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းနှင့် အရပ်သားများရှိရာ နေရာများကို တမင်ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် နတ်အင်းရွာသားအချို့ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်သော်လည်း လေယာဉ် သံ ကြားတိုင်း ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။
ဓါတ်ပုံ – မုတ်ဝကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရပုံ (Kawlin Revolution KR)