စစ်မှုထမ်းကြေး ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်။ 

မြိတ်မြို့နယ်တွင် စစ်မှုထမ်းကြေး ကောက်ခံနေသည့် တောတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ် ခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုရှိ တောတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းသည် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံရွာသား များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ ခန့်အရွယ်ရှိ ရွာသားတစ်ဦးက “လကုန်ခါနီးဆိုတော့ ငွေကောက်ဖို့ အတွက် သွားတာပါ။ ငွေကောက်တာ လျော့ပေါ့တာမျိုးမရှိဘူး၊ အတော်ဆိုးတယ်လို့ ရွာသားတွေက ပြောကြ တယ်။ သူ့ကို ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။ ခေါင်းမှာ ကျည်ထိတဲ့ ဒဏ်ရာနဲ့ သေသွားတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ခုံမော်ကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဦးအေးသန်းသည် ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

၎င်းသည် မဇောကျေးရွာအုပ်စုဝင် ကျေးရွာများဖြစ်သည့် ခုံမော်၊ တောတန်းနှင့် သကန်တောင်ပု စသည့်ရွာများ တွင် လစဉ် စစ်မှုထမ်းကြေးများကို ဖိအားပေးကောက်ခံနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်မှုထမ်းကြေးဆိုသည်မှာ စစ်မှု ထမ်းရန် အမည်စာရင်း ပါသူ ကိုယ်စား စစ်မှုထမ်းရန် သဘောတူသည့်သူ (သို့မဟုတ်) အစားထိုးသွားမည့်သူကို ပေးရသည့် ထောက်ပံ့ကြေး သို့မဟုတ် အချို့နေရာများတွင် စစ်မှုထမ်းသွားသည့် သူ၏ မိသားစုကို ကျန်ရစ်သူများက ထောက်ပံ့ကြေးပေးရန် ဆိုသည့် ခေါင်းစဉ်နှင့် ကောက်ခံပါသည်။ ထိုကောက်ခံငွေမှာ တရားဝင် သတ်မှတ်ထားသည့် ငွေမဟုတ်ပဲ တနေရာနှင့် တနေရာ ပမဏ ကွာခြားနိုင်ပါသည်။ 

သေဆုံးသူ ဦးအေးသန်း၏ ရုပ်အလောင်းကို မဇောအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မြိတ်မြို့ရှိ စစ်ဆေးရုံသို့ သယ် ဆောင်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။ 

ဦးအေးသန်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း ခုံမော်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် လူငယ်လေးဦးအား စစ်မှုထမ်းစာရင်းတွင် ပါဝင်နေသည်ဟု အကြောင်းပြကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းစီ တောင်းယူခဲ့သည့် သမိုင်းကြောင်းရှိသူဖြစ်ကြောင်း ကျေးရွာသားများက ဆိုသည်။

၎င်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့၏ ဝင်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသော်လည်း ထိုစဉ်က နေအိမ်တွင် မရှိသဖြင့် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်အစပ်ရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်၏ စစ်မှုထမ်းဥပဒေ အတွက် အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေသဖြင့် ဒေသခံပြည်သူများ အကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိသည်။

ထိုသို့ ငွေကြေးအတင်းအကြပ် ကောက်ခံမှုများကြောင့် ဒေသခံများနှင့် အုပ်ချုပ်ရေးပိုင်းအကြား တင်းမာမှုများ ရှိနေသကဲ့သို့၊ စစ်ကော်မရှင်၏ ယန္တရားကို အကောင်အထည် ဖော်ပေးနေသည့် အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောပါသည်။