ဒီးမော့ဆို မြို့နယ်ရှိ KTV အားလုံး ပိတ်သိမ်းရန် အမိန့်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်ခြေများအကြား တရား မဝင်ဖွင့်လှစ်ထားသည့် KTV (ကာရာအိုကေဆိုင်) များအားလုံးကို နန်းမယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ် ရေးအဖွဲ့က အပြီးပိုင်ပိတ်သိမ်းလိုက်သည်။
ကရင်နီပြည်တွင် ‘တစ်လေးလုံး’ စစ်ဆင်ရေးအပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လပိုင်းမှ စတင်ကာ ချယ်ရီကုန်းရှိ လူနေ အိမ်များနှင့် စစ်ဘေးရှောင်စခန်းများကြား၌ KTV ဆိုင် ၄ ဆိုင်ခန့် စတင်ပေါ်ပေါက်လာခဲ့ရာမှ လက်ရှိတွင် ဆိုင် ပေါင်း ၁၀ ဆိုင်ထက်မနည်းထိ ရှိလာပြီဟု စစ်ရှောင်များက ပြောသည်။
လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိလာသည့် လုပ်ငန်းများအား ထိန်းကျောင်းနိုင်ရန် နန်းမယ်ခုံ၊ လွိုင်နန်းဖ နှင့် ဒီးဘောင်းခူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကရင်နီပြည်တပ်ပေါင်းစုံနှင့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တို့ ပူးပေါင်း၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ဆိုင်အားလုံးကို မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
နန်းမယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက “အာဏာသိမ်းမှ ဖွင့်တဲ့ KTV တွေပါ။ ယေဘုယျ အားဖြင့် ၂၀၂၂ – ၂၃ မှ ပိုများလာတယ် ခုထိဘဲပေါ့။ လက်ရှိက ၁၀ ဆိုင်၊ ၁၁ ဆိုင်ရှိမယ်။ မကြာသေးခင် တိုးချဲ့ ထားတာ ရှိတယ်။ အခုတော့ အားလုံး တပ်ပေါင်းစုနဲ့ ၃ မြို့နယ် အစည်းဝေး ဆုံးဖြတ်ချက်အရ အကုန်ပိတ်သိမ်း လိုက်ပါပြီ” ဟု ပြောသည်။
ယခုကဲ့သို့ ပိတ်သိမ်းရန် ဆုံးဖြတ်ရခြင်းမှာ ဒေသတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင် ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ကရင်နီပြည် တပ်ပေါင်းစုံ အဖွဲ့အစည်းက ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က KTV ဆိုင်တစ်ခုတွင် အငြင်းပွားမှု ဖြစ်ကာ အချင်းချင်းကြား ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “ဆူညံသံတွေ မကြားရ တော့ တစ်မျိုး စိတ်ချမ်းသာတာပေါ့နော်။ အခုလို KTV ကို ပိတ်သိမ်းလိုက်တာ တရားဥပဒေ အားကောင်းရေး အတွက် လမ်းစဖြစ်သလို စစ်ဘေးရှောင် ပြည်သူလူထုအတွက် ပြဿနာကို တစ်နည်းတစ်ဖုံ လျော့ချပေး သလို မျိုးလည်း ဖြစ်တယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “KTV က လမ်းမကြီးဘေးမှာပဲရှိတော့ ကလေးတွေက ကျောင်းသွား ကျောင်းလာရင် အမြင်မတော်ဘူးပေါ့နော်။ ကလေးတွေရဲ့ အကျင့်စာရိတ္တလည်း ပျက်စီးလာမှာကို စိုးရိမ်မိတာပေါ့။ ပြီးတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အရမ်းများလာတာလည်း KTV ကြောင့်လို့ ပြောလို့ရတာပေါ့။ ဒီးမော့ဆို အနောက်ဘက်ခြမ်းဆို မိသားစု အိမ်ထောင်ရေးပြဿနာတွေ အများရီး ပေါ်လာခဲ့တယ်။ အရင်တစ်ပတ်တုန်း ကဆို KTV က ကောင်မလေးတွေ လုကြရင်းနဲ့ သေနတ်တွေ ဖောက်ကြတယ်ဆိုတော့ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှု မရှိဘူးပေါ့နော်” ဟု ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အနေဖြင့် တော်လှန်ရေးကာလအတွင်း လူမှုဘဝ လုံခြုံစေ ရန် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများကဲ့သို့ တော်လှန်ရေး လူမှုကျင့်ဝတ်နှင့် မညီသော လုပ်ငန်းများကို တားမြစ်သည့် ‘တရားဥပဒေစိုးမိုးရေးစီမံချက်’ တစ်ရပ်ကို ချမှတ်ထားခဲ့သည်။
ယခုအခါ အဆိုပါ စီမံချက်နှင့်အညီ ‘တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)’ တို့ကို ဖွဲ့စည်းကာ လုပ်ပိုင်ခွင့်များ ပေးအပ်ထားပြီး ဖြစ်သဖြင့် နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးကို ထိရောက်စွာ ဆက်လက် ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထား သည်။