ရွေးကောက်ပွဲ ဝင်မည့်သူကို နိုင်ကျဉ်း အစည်းအရုံးမှ ထုတ်ပယ်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
စစ်ကောင်စီက ဦးစီးကျင်းပမည့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အဖွဲ့ဝင်တစ်ဦးကို ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KAPP) မှ ထုတ်ပယ်လိုက် သည်။
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကော်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အဖွဲ့ဝင်တစ်ဦးအား ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးမှ ထုတ်ပယ်လိုက်သည်ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
အဖွဲ့ဝင် ဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုသက်မှူးအောင်ဆိုသူမှာ ကရင်နီ (ကယား) ပြည် ကိုယ်စားပြု ပြည်နယ်လွှတ်တော် နေရာ၌ ပြည်သူ့ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
KPPA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျနော်တို့အဖွဲ့ သဘောထားကတော့ ရှင်းတယ်လေနော်။ သူက ကရင် နီ ပြည်သူတွေ အပေါ်မှာတော့ သစ္စာဖောက်သွားပြီပေါ့နော်။ နောက်တခုက ကျနော်တို့ ထုတ်ပြန်ချက် အတိုင်း ပဲ။ အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်။ လုံးဝကို နိုင်ငံရေးပိုင်းဆိုင်ရာတွေ ထိတွေ့ဆက်ဆံမှု မပြုတော့ ဘူး ပေါ့နော်။ အဲ့လိုပါပဲ ကျနော်တို့ အမြင်က” ဟု ပြောသည်။
လက်ရှိ ကရင်နီပြည်၌ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းဒဏ်များ နေ့စဉ်ရက်ဆက် ပြည်သူ များ အနေဖြင့် ခံစားနေရသည်ဖြစ်ရာ ကိူသက်မှူးအောင် ပြောဆိုခဲ့သည့် လွှတ်တော်တွင်းသို့ ပြည်သူ့အသံများ ယူဆောင်သွားမည် ဆိုသောအချက်မှာ မဖြစ်နိုင်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
KPPA အနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်ထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်းများ အားလုံးကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသည်ဟု ဖော်ပြထားသည်။
နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည့် ကိုသက်မှူးအောင်မှာလည်း ထောင်ကလွတ်မြောက်သည့် အချိန်မှစ၍ KPPA နှင့်အတူ လက်တွဲပြီး နိုင်ကျဉ်းကိစ္စရပ်များတွင် ပါဝင်ကူညီခဲ့ဖူးသူ ဖြစ်သည်။
သို့သော် အဖွဲ့အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲအား အပြင်းအထန် ဆန့်ကျင်သဖြင့် ကိုသက်မှူးအောင်ကိုလည်း သစ္စာဖောက်အဖြစ် ကြေညာလိုက်သည်ဟု ဆိုသည်။
စစ်အာသိမ်းပြီး နောက်ပိုင်းကာလများ၌ လွိုင်ကော် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်းများမှာ ၎င်းတို့ ယုံကြည်ချက်အတိုင်း ဆက်လက် လျှောက်လှမ်းနေကြပြီး စစ်ကော်မရှင်ထံသို့ ဘက်ပြောင်းခိုလှုံသူမှာ ကိုသက်မှူးအောင် တစ်ဦးသာ ရှိသည်ဟု KPPA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆက်ပြောသည်။
“သူတယောက်ပဲ ရှိတာပေါ့နော်။ ကျန်တဲ့လူတွေကတော့ သူတို့ ယုံကြည်ချက်အတိုင်း ဆက်လုပ်နေတာပေါ့ နော်။ လုပ်ရင်းနဲ့ အသက်ပေးသွားတဲ့ လူတွေ၊ ထောင်ထဲကနေ ပြန်ထွက်လာပြီးမှ သူတို့လုပ်နိုင်ရာ လုပ်ရင်းနဲ့ အသက်ပေးသွားတဲ့ ညီအကိုတွေလည်း ရှိတယ်။ ဒါမဲ့ ဆိုးဝါးတာက သူက စစ်ကောင်စီ ကျင်းပတဲ့ ရွေးကော်ပွဲ ဝင်ပြိင်မှတော့ စစ်ကောင်စီအောက်ပဲ ရောက်သွားတဲ့ သဘောပေါ့နော်။”
ယခုဖြစ်ရပ်သည် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ပြည်သူနှင့် တော်လှန်ရေး အင်အားစု များအကြား သဘောထားကွဲလွဲမှုနှင့် သစ္စာစောင့်သိမှုဆိုင်ရာ စိန်ခေါ်မှုများကို ထင်ရှားစေခဲ့သည်ဟု KPPA က ဆိုသည်။
ကိုသက်မှူးအောင်မှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အနေဖြင့် အကြမ်းမဖက် ဆန္ဒပြကာလများ ပြီးဆုံးသည့် နောက်ပိုင်းကာလများ အတွင်း တော်လှန်ရေး တပ်ဖွဲ့များအား ထောက်ပို့ လုပ်ဆောင်ခဲ့ဖူးပြီး ယင်းအမှုဖြင့် လွိုင်ကော်မြို့တွင်း တစ်နေရာ၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ၎င်းအား နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ လိုင်စင်မဲ့ကား မောင်းနှင်မှု စသည့်စွဲချက် များ ဖြင့် ပုဒ်မ ၅၀၅ – က အရ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီးနောက် ၃ နှစ်ကျော်အကြာတွင် စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။